2012-07-22
အင်တာနက် Youtube မှာ ကိုယ့်ကိုကိုယ် ဗီဒီယိုရိုက်ပြီး အမြင်သဘောထားမတူတဲ့ အခြားသူတွေကို ပုဂ္ဂိုလ်ရေးအရ အသရေပျက်အောင် တိုက်ခိုက်တာတွေ ဖြစ်လာတာကြောင့် လန်ဒန် စီးပွားရေး တက္ကသိုလ်ရဲ့ ဧည့်ပညာရှင် ဒေါက်တာဇာနည်က ဥပဒေအရ တရားစွဲဖို့ ပြင်ဆင်နေကြောင်း RFA ကို ဒီကနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အခြေခံပြီး အင်တာနက်ပေါ်မှာ လူမျိုးရေးအရ မုန်းတီးမှုကို အခြေခံတဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
"နောက်ဆုံးပေါ့နော်။ Youtube ပေါ်မှာ ကိုယ့်ကိုယ်ကို ဗီဒီယို ရိုက်ပြီးတော့ တင်ပေးလိုက်တယ်။ တင်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ နာမယ်က ကိုငြိမ်းချမ်း။ သူ့အဖေက မြန်မာ့ တပ်မတော်က ရေတပ်က အရာရှိဟောင်း အငြိမ်း တစ်ယောက်ပေါ့နော်။ တပ်က အရာရှိဟောင်း သားသမီးတစ်ယောက်က အင်္ဂလန်နိုင်ငံမှာ ပညာသင်ပြီးတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီးတော့ ကိုယ့် ဗမာအချင်းချင်း သွားပုပ်လေလွင့် ပြောမယ်။ မတရား တိုက်ခိုက်တာတွေ လုပ်မယ်ဆိုရင်တော့ ရှေ့နေရှေ့ရပ် အသင်းအဖွဲ့တွေနဲ့ ဒီကိစ္စကို ဘယ်လို အရေးယူရမလဲဆိုတာကို ကျနော်တို့ စကားပြောနေပါတယ်။"