Pages

Monday, December 3, 2012

"ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်"





 ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ

...
ရေးသူ – ဒေါက်တာမြင့်ဆွေ

"ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။"
 
 
 
"မစ္စတာစလော့ကြိုက်သော ကျောင်းသားတချို့ မှာ အများအားဖြင့် အလိုတော်ရိတွေသာ ဖြစ်ကြသည်။ မျက်နှာဖြူဆရာကြီး၏ အလိုကိုလိုက်လျှင် အခွင့်အရေးရနိုင်သည့် အလိုတော်ရိများမှာ ကျောင်းမှထွက်ပြီး တစ်နေ့ ဂုဏ်ဒြပ်ရှိသည့်အလုပ်ကို လျှောက်ထားသောအခါ ထောက်ခံချက်ကောင်း ရရှိနိုင်လိမ့်မည်ဟု မျှော် လင့် နေကြသူများသာဖြစ်သည်။ ထိုသူများမှာ မစ္စတာစလော့ကို လွန်ဆန်ပြီး ဘာတစ်ခုမှ လုပ်ဝံ့ကြသူများ မဟုတ်သည်ကို ကိုထွန်းစိန် တဖြည်းဖြည်း သိရှိလာလေသည်။"

"ကိုထွန်းစိန်သည် ပညာဥာဏ် ထက်မြက်သူတစ်ယောက် ဖြစ်သည်ကို မစ္စတာစလော့က အလိုတော်ရိ တပည့်တစ်ယောက်အနေနှင့် မွေးမြူချင်သည်ကို ကိုထွန်းစိန် သိရှိသည်။ သို့သော် အမွေးမခံဘဲ သူ၏ စာ ထက် နိုင်ငံရေး စာအုပ်များကိုသာ ကြိုးစား ဖတ်ရှုလာခဲ့လေသည်။"

"ကိုထွန်းစိန်သည် ၁၉၂၆ ခုနှစ်တွင် အမ်အက်စီစာမေးပွဲကို အောင်မြင်ခဲ့လေသည်။ ၁၉၂၈-၂၇ ခုနှစ် စာသင်နှစ်တွင် ပြည်ကျောင်းဆောင်မှ ပုဂံကျောင်းဆောင်သို့ ပြောင်းရွှေ့ သွားခဲ့သည်။ နိုင်ငံရေးစိတ်ထက် သန်သူတစ်ယောက် ဖြစ်သော်လည်း သူနှင့် နီးနီးကပ်ကပ်ဆက်ဆံရသော ဆရာသများများကိုမှ ရိုသေသည်။ ကလန်ကဆန် မလုပ်တတ်သော်လည်း ဗျူရိုကရက်ဆရာကြီးများကိုမူ မကြိုက်ပေ။"

"ထိုစဉ်က ပုဂံကျောင်းဆောင်၏ အဆောင်ကြီးမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖရေဇာ၊ လက်ထောက်ကထိ ကဆရာ ဦးကာဖြစ်သည်။"

"ကိုထွန်းစိန်သည် ပုဂံကျောင်းဆောင်၌ ကျောင်းပိတ်သည့်နေ့များ၌ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်၌ နေထိုင်သော အစ်ကိုဖြစ်သူ ကိုထွန်းငြိမ်းထံသို့ အလည်အပတ် သွားလေ့ရှိသည်။ သန်လျင်တွင် ဘီအိုစီဓါတ် ခွဲခန်း လက်ထောက်အဖြစ် တာဝန်ထမ်းနေသော သခင်စိုးမှာ ထိုအချိန်က အင်္ဂလိပ်စာနှင့် ရေးသားထားသော နိုင်ငံရေးစာအုပ်များကို နှံ့ နှံ့စပ်စပ် မဖတ်ဘူးသေးပါ။ ကိုထွန်းစိန်က သခင်စိုးအား အင်္ဂလိပ်စာအုပ်များကို ဖတ် စေချင်၍ ရန်ကုန်မှ သန်လျင်သို့ လာရောက်လည်ပတ်သည့်အခါတိုင်း အင်္ဂလိပ်စာနှင့် ထုတ်ဝေခဲ့သော စာအုပ်ပေါင်းများစွာကို ယူဆောင်လာပေးလေ့ရှိသည်။ သခင်စိုးကလည်း ကြိုးစားပြီးဖတ်သည်။ မကြာမီမင် နိုင်ငံရေး အသိ ကြွယ်ဝလာပြီး ကိုထွန်းစိန်နှင့် သခင်စိုးမှာ အလွန်တရာ ရင်းနှီးသွားခဲ့လေသည်။ သူတို့ နှစ်ဦးစလုံး ခြင် ထောင် တစ်ခုတည်း၌ အိပ်လာခဲ့သောသူများ ဖြစ်သည်။ သို့ရာတွင် ယနေ့ အချိန်တွင် သူတို့ နှစ်ဦး၏ လမ်းစဉ် မှာ တခြားစီ ဖြစ်သွားခဲ့လေပြီ။"

"ကိုထွန်းစိန်သည် သင်္ချာလက်ထောက်ကထိကဆရာ ဦးကာ၏ စေတနာအရ စာသင်နှစ် ၁၉၂၈-၂၉ ခုတွင် တက္ကသိုလ် သင်္ချာဌာနတွင် နည်းပြဆရာလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပုဂံကျောင်းဆောင်၌ လည်း အဆောင်မှူးလေး၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ကျောင်းဆောင်တွင် နေထိုင်ကြသော ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးပင် နေထိုင်လေ့ရှိသည်။ ကျောင်းသားများကျင်းပသော အစည်းအဝေးကို လည်း တက်ရောက်လေ့ရှိသည်။ ထိုနှစ်အတွင်းက တစ်နေ့ ညနေတွင် အလယ်ကျောင်းဆောင်များ၏ ထမင်း စားအဆောင်၌ ကျောင်းသားများ၏ အစည်းအဝေးကို တက်ရောက်ရန် သူ၏ သူငယ်ချင်းဖြစ်သူ ကိုလူထွန်း လာခေါ်၍ လိုက်ပါသွားခဲ့လေသည်။"

"အစည်းအဝေးသို့ ကျောင်းသားအများအပြားလည်း ရောက်ရှိလာကြသည်။ ၁၉၂၀ ပြည့် တက္ကသိုလ် သပိတ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း တက္ကသိုလ်နယ်မြေအတွင်း အစည်းအဝေး မကျင်းပမီနှင့် ကျင်းပပြီးစီး သည့်အခါတိုင်း ကျောင်းသားများ သီဆိုသော အမျိုးသားသီချင်းမှာ(ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်း မြတ်ကို ကယ်တင်ပါစေသတည်း) ဟူသော နယ်ချဲ့၏ သီချင်းပင် ဆိုလေ့ဆိုထ ရှိနေကြသေးသည်။"

"အစည်းအဝေးသို့ ရောက်ရှိနေကြသော ကျောင်းသားများ အစည်းအဝေး မကျင်းပမီ ကျောင်းသား အားလုံး မတ်တတ်ရပ်ကာ အင်္ဂလိပ်အမျိုးသားသီချင်း သီဆိုနေကြသည်ကို နောက်မှ ရောက်ရှိလာသော ကို ထွန်းစိန်သည် မတ်တတ်မရပ်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တစ်ကိုယ်လုံး ဆတ် ဆတ်တုန်လျက်နေသည်။ ‘ သြော် ဒို့အမျိုးသားသီချင်း မဟုတ်တဲ့ ဒီနယ်ချဲ့အမျိုးသား သီချင်းကို ယခုထက်တိုင် ဆိုနေရသေးပါလား ‘ ဟု ရေရွတ်လျက်ရှိနေသည်။"

"နယ်ချဲ့ အမျိုးသားသီချင်း သီဆိုပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုင်နေရာမှ ဗြုန်းခနဲထလိုက်ပြီး အင်္ဂ လိပ်ဘာသာစကားဖြင့် (ထိုခေတ်က မြန်မာလို ပြောလေ့မရှိပါ။)

‘ကျောင်းသားရဲဘော်အပေါင်းတို့ ကျွန်တော် ဒီနေရာ ကနေပြီး စကားအနည်းငယ် ပြောပါရစေ၊ ဒီမှာ ရောက်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အင်္ဂလန်ကလာပြီး စာ သင်နေကြတဲ့ အင်္ဂလိပ် မျက်နှာဖြူလူမျိုးကျောင်းသားရယ်လို့ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ယခု မြန်မာ တိုင်းရင်းသား ကျောင်းသားတွေရဲ့ အစည်းအဝေးမဖွင့်ခင် ခင်ဗျားတို့ သီဆိုခဲ့ကြတဲ့ အမျိုးသားသီချင်းဆိုတာ က (ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်ကိုကယ်တင်နိုင်ပါစေသတည်း) တဲ့။ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ဆိုတဲ့ စကားတစ်လုံးဟာ အင်မတန်အရေးကြီးပါတယ်။ အင်္ဂလန်မှာရှိနေတဲ့ အင်္ဂလိပ်ဘုရင်ဟာ မျက်နှာဖြူလူမျိုးတွေရဲ့ ဘုရင်ဖြစ်တယ်။ ဗမာတိုင်းရင်းသားတွေရဲ့ ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီးအမှန်တရားကို မြင်တဲ့အတိုင်း အလွယ်တစ်ကူနှင့်ပင် သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဗမာတိုင်းပြည်ကြီးကို အနိုင်ကျင့်ပြီးသိမ်းပိုက်ထားတဲ့ နယ်ချဲ့တွေရဲ့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေလို့ ဆုတောင်းနေကြတာဟာ အလွတ်တရာမှ ရှက်စရာကောင်းလှပါတယ်ဆိုတာ ကျွန်တော်ရဲဘော်တို့အားလုံးကို ပြောပြချင်ပါတယ်။"

"သည်အကြောင်းနဲ့ပတ်သက်ပြီး ယခုရောက်ရှိလာကြတဲ့ ရဲဘော်ကျောင်းသားအားလုံး ဤနေ့ ဤရက် ဤအချိန်မှစပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး အစည်းအဝေးပွဲမှာဖြစ်စေ၊ အခြားသော ကျောင်းသားပွဲလမ်းသဘင်မှာဖြစ်စေ ဒီသီချင်းကိုလုံးဝမဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။"

"ဘာကြောင့်လဲဆိုတော့ ၁၉၂၀ ခုနှစ်က ကျွန်တော်တို့နောင်တော် ကျောင်းသားဟောင်းကြီးများဟာ သူတို့တစ်တွေကို ဖိနှိပ်ထားတဲ့ ထမ်းပိုးအောက်က ရုန်းကန်ပြီး အနစ်နာခံကာ သပိတ်မှောက်ခဲ့ကြတယ် မဟုတ်လား။ သပိတ်ကြောင့်တချို့တွေဟာ ပညာအညွှန့်တုံးခဲ့ကြရတယ်။ ဘာအမြတ်ထွက်ခဲ့သလဲဆိုရင် မဟုတ်ရင် မခံဘူးဆိုတဲ့ မျိုးရိုးဇာတိမာန ရှိကြတယ်ဆိုတာလောက်သာ အချိန်ကာလ အားလျော်စွာပြနိုင်ခဲ့ကြတယ်။ ထို့ထက်ပိုပြီး ရွက်ဆောင်နိုင်ရန် အခွင့်အရေးမရရှိခဲ့ကြဘူး။ သူတို့တတွေကောလိပ်မှ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီတက္ကသိုလ်ကိုဝင်ရောက်လာတဲ့ ကောလိပ်ကျောင်းသားတွေအားလုံးဟာ ဗျူရိုကရက် ဆရာကြီးတွေ ပြုမူသမျှကို ငြိမ်ခံလာခဲ့ကြတယ်။ နောင်တော်ကြီးတွေရဲ့ လမ်းစဉ်ကို မလိုက်နိုင်ကြပါဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့တစ်တွေရဲ့ ကြမ္မာဟာ ဆိုးရွားသည်ထက် သွားရန်သာရှိတော့တယ်။ ကျွန်တော်တို့အားလုံး အေးစက်စက်နေလို့ မဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်တော် ခုနက တင်သွင်းတဲ့အဆိုကို လေးနက်စွာစဉ်းစားကြရန် ပန်ကြားအပ်ပါတယ် “ ဟုပြောပြီး စကားကိုရပ်ကာ ထိုင်ချလိုက်လေသည်။"

"အစည်းအဝေးအခန်းထဲ၌ရှိနေကြသော ကျောင်းသားများအားလုံး တွေဝေသွားကြသည်။ ထမင်းစား အဆောင်ကြီးတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်လျက်သား နားထောင်နေကြသော ကျောင်းသားကြီးများ အားလုံးကစပြီး လက်ခုတ်အားရိုက်ပြီး တီးလိုက်ရာမှ တစ်ခန်းလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။ လက်ခုပ်သံများငြိမ်သွားသော အခါတက္ကသိုလ်မြန်မာစာပေဋ္ဌာနတွင် အင်္ဂလိပ်- မြန်မာ ဘာသာပြန်ဆရာအဖြစ် ထိုစဉ်ကတာဝန် ထမ်းဆောင်လျှက်ရှိနေသော သခင်ဘသောင်းက ကိုထွန်းစိန်အနားသို့လာပြီး လက်ကိုတအား ဆုပ်ဆွဲ၍ နှုတ်ဆက်သည်။ မစ္စတာအမ်အေရာရှစ်ကလည်း ထိုနည်းတူပင်နှုတ်ဆက်သည်။ သခင်ဗစိန်မှာမူ သူများထက်ပိုသည်။ လက်ဆွဲနှုတ်ဆက်ရုံတွင်သာမကဘဲ ကိုထွန်းစိန်၏ ကိုယ်ကြီးတစ်ကိုယ်လုံးကို တအားသိမ်းကြုံးဖက်တော့သည်။"

"စိတ်တက်ကြွ"

"ကိုထွန်းစိန်က ကိုယ်ထည်ကြီးကြီးလန်ဘား သခင်ဗစိန်က ပုတလက်လေးဖြစ်နေ၍ သခင်ဗစိန်က ကိုထွန်းစိန်၏လည်ပင်းကို အားရပါးရဖက်ပြီး နှုတ်ဆက်နိုင်ရန် ကိုထွန်းစိန်က သူ၏ခါးကြီးကို ကုန်းပြီးပေးရပါသည်။ အစည်းအဝေးတက်ကြသော ကျောင်းသားအားလုံး စိတ်အားတက်ကြွလာကြသည်။ ပျော်လာကြသည်။ အော်ကြသည်။ ထိုနေ့မှစပြီး ကျောင်းသားအားလုံးနယ်ချဲ့၏ အမျိုးသားသီချင်းကို ကျောင်းသားသမဂ္ဂ အဆောက်အဦးအတွင်းနှင့် တက္ကသိုလ်နယ်မြေ သို့မဟုတ် အခြားနေရာများ၌ ဖြစ်စေ မဆိုကြတော့ဟု တညီတညွှတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြလေသည်။ ထိုညအဖို့ ကိုထွန်းစိန်မှာ အထူးမျက်နှာ ပွင့်လန်းလျှက် ရှိနေသည်။"

"တစ်ယောက်နှင့် တစ်ယောက်မသိကြသေးသည့် နိုင်ငံရေးစိတ်ထက်သန်သော ကျောင်းသားကြီးများ ပထမဆုံးအကြိမ် ရဲဘော်ရဲဘက်များဖြစ်လာကြသည်။ ကျွန်တော်ကသခင်ဗစိန်၊ ကျွန်တော်က ထွန်းစိန် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘယ်သူဘဲ၊ ဘယ်ဝါဘဲနှင့် မိတ်ဖွဲ့နေကြသံတွေမှာ တစ်ခန်းလုံးဆူညံလျက် ရှိနေသည်။"

"ပထမရွေးကောက်ပွဲ"

အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီသည် ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို တစ်လခန့်ခွာပြီး သတ်မှတ်လိုက်သည်။ ရက်အတော်ကြာမျှ ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်အရွေးခံမည့်သူ မပေါ်လာခဲ့သော်လည်း တစ်နေ့တွင် ဆရာကြီး ဒီဂျေစလော့၏ အလိုတော်ရှိများက ကိုထွန်းစိန်နှင့်ယှဉ်ပြိုင်ရန် ကိုအိန်(ဦစောခေတ်ဝန်ကြီး ဦးအိန်)ကို ဥက္ကဋ္ဌနေရာအတွက် အဆိုတင်သွင်းလိုက်ရာမှ တက္ကသိုလ်ရာဇဝင်တွင် ကျောင်းသားများ ပထမဆုံးအကြိမ် မဲဆန္ဒနှင့် ရွေးကောက်ပွဲ တင်မြှောက်ရမည့် ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာခဲ့လေသည်။

ရွေးကောက်ပွဲ မကျင်းပမီ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ အားပေးသူများအားလုံး သူတို့လူ မဲရရှိရေးအတွက် မဲဆွယ်ကြသည်။ကိုအိန်ကမူ ဆွယ်တရားဟောခြင်း လုံးဝမပြုခဲ့ပေ။ အေးအေးသာ နေခဲ့သည်။

သမဂ္ဂဥက္ကဋ္ဌ ရွေးကောက်ပွဲ ပေါ်ပေါက်လာသော်လည်း ရန်ကုန်ယူနီဗာစီတီကောလိပ်နှင့် ယုဒဿန်ကောလိပ် ကျောင်းသားအများစုမှာ ကျောင်းသားနိုင်ငံရေးကို စိတ်မဝင်စားကြပါ။ ၁၉၂၀ ခု၊ ကျောင်းသားသပိတ်ကြီး ပြီးဆုံးသွားသည့်နောက်ပိုင်းတွင် ကျောင်းသားအများမှာ နိုင်ငံရေး၌ စိတ်မဝင်စားဘဲ ဖြစ်နေကြပါသည်။ ကျောင်းဥပဒေကို ကျူးလွန်ခဲ့လျှင် တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်ပစ်မည်ကို ကျောင်းသား တော်တော်များများမှာ ကြောက်ရွံ့နေကြသည်။

ကိုထွန်းစိန်နှင့် သခင်ဗစိန်ခေတ်က နိုင်ငံရေးနှင့် အမျိုးသားစိတ်ထက်သန်သော ရဲရဲတောက်ကျောင်းသားများမှာ လက်တစ်ဆုပ်စာမျှလောက်သာ ရှိနေသေးသည်။ ထိုကျောင်းသားအနည်းစုထဲတွင် တကယ့်မျိုးချစ်စိတ်ရှိသူ သခင်ဗစိန်သည် စိတ်ဓာတ်အပြင်းအထန်ဆုံး ဖြစ်ခဲသည်။ သခင်ဗစိန်ပင်လျှင် ကိုထွန်းစိန်အား ဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့သည်။ ကျောင်းသားများကိုလည်း နိုင်ငံရေးနှင့် အမျိုးသားစိတ် နိုးကြားလာအောင် ကိုထွန်းစိန်နှင့်အတူ ကျောင်းသားများထံ သွားပြီး နိုင်ငံရေးနှင့် မဲဆွယ်တရားဟောခဲ့ပေသည်။

ကိုကျော်သိန်း(ယနေ့ အိုင်စီအက်ဟောင်း ဦးကျော်သိန်း)က ကိုထွန်းစိန်အား သမဂ္ဂဝါဒရေးရာနှင့် ပတ်သက်သောအကြောင်းများကို ပြတ်သားစွာပြောပြီး ကျောင်းသားထုအား မဲဆွယ်ရန် တိုက်တွန်းအားပေးနေခဲ့သည်။

"တရားဟောခက်"

ထိုစဉ်က တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားခေါင်းဆောင်များမှာ ကျောင်းသားများသို့သွားပြီး တရားဟော၏။ ကျောင်းသားအားလုံး ပါဝင်လာပြီး တစ်နေ့မှာ နယ်ချဲ့တွေလက်အောက်မှ လွတ်မြောက်ရလိမ့်မည်လို့ ကျွန်တော့်အနေနှင့်တော့ မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းသွားကြရန်အတွက် သမဂ္ဂကိုလည်း ဝင်ကြပါ။ ကျောင်းသားတွေအားလုံး ရှေ့တန်းကနေပြီး နယ်ချဲ့နှင့် ဗြူရိုကရက် ဖိနှိပ်မှုတွေကို တိုက်ဖျက်ပါ့မယ်။ သို့အတွက် ကျွန်တော့်ကို မဲဆန္ဒပေးကြပါဟု ပြောခဲ့လေသည်။

တရားဟောရအခက်ဆုံးနေရာမှာ အမျိုးသမီးများ နေထိုင်သော တက္ကသိုလ်အင်းယားဆောင်နှင့် သင်တန်းကျောင်းဆောင်ပေါင်းနှစ်ဆောင်ဖြစ်သည်။

ကိုထွန်းစိန်တို့ လူသိုက်အားလုံးပင် ယဉ်ကျေးသိမ်မွေ့စွာနှင့် ကျောင်းသူအမျိုးသမီးများကို တရားဟောပြောကြပါသည်။ အင်္ဂလိမ်လူမျိုးနှင့် အင်္ဂလိပ်ဘာသာကြီးစိုးသော အချိန်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များသည် အင်္ဂလိပ်ဘာသာဖြင့်ပင် တရားဟောပြောပြီး မဲဆွယ်ကြပါသည်။

အင်းယားကျောင်းဆောင်တွင် ကိုထွန်းစိန်က ဂုဏ် သရေရှိအမျိုးသမီးများခင်ဗျာ၊ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ရတာဟာ တခြားကြောင့် မဟုတ်ပါဘူး၊ တက္ကသိုလ် ကျောင်းသားအားလုံးရဲ့အကျိုးနှင့် မြန်မာပြည်သူ၊ ပြည်သားအားလုံးရဲ့ အကျိုးအတွက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသားတစ်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒီနယ်ချဲ့အစိုးရအောက်မှာ နှစ်အတော်ကြာကစပြီး အလူးအလဲ ခံစားလာခဲ့ရတာ ယနေ့တိုင်ဖြစ်ပါတယ်။ တက္ကသိုလ် ဗျူရိုကရက်ကြီးတွေကလည်း မကြာခဏလိုလို ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်နေတာကို ကျွန်တော်တို့တစ်တွေ ကြားသိနေရပါတယ်။ ကျောင်းသားတွေအားလုံး အနစ်နာခံနေရတဲ့အတွက် ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီး နစ်နာမှု အမှုတွက် ရဲဝံ့စွာနှင့် သူတို့တစ်တွေကို အရေးဆိုရပါလိမ့်မယ် အဖွဲ့ကြီးကို ကျောင်းသားတွေ စည်းစည်းရုံးရုံးနှင့် ထောက်ခံအားပေးခဲ့လျှင် ကျွန်တော်တို့က ရှေ့တန်းကနေပြီး ဒီအာဏာပိုင်တွေက ရဲရဲဝံ့ဝံ့နှင့် အရေးဆိုပြီး တိုက်ပါမယ်။

ကျွန်တော်ဟာ ကျောင်းသားများအကျိုးနှင့်တကွ တိုင်းပြည်အတွက်ကို တက္ကသိုလ်သမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနှင့် ရွ့ပ်ရွပ်ချွံချွံ ရွက်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ရွက်ဆောင်တဲ့အခါ ကျွန်တော်တို့အမျိုးသားတွေနှင့်ချည်း မဖြစ်ပါဘူး။ အမျိုးသမီးတွေပါ တစ်ဖက်တစ်လမ်းက ပါဝင်ပြီး အကူအညီပေးမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အမျိုးသမီးဟာ တချို့နိုင်ငံတွေက အမျိုးသမီးတွေနှင့်မတူပါဘူး။ လွတ်လပ်ခွင့်တွေ အများကြီးရှိနေပါတယ်။ အမျိုးသမီးတွေ သမဂ္ဂအဖွဲ့ထဲ ဝင်ကြပါ။ ကျွန်တော့်ကို မဲပေးကြပါ။ ကျောင်းသားအရေးနှင့် နိုင်ငံအရေးအတွက် ကြိုးပမ်းကြပါလို့ ကျွန်တော် ပန်ကြားပါတယ်။

ကျွန်တော်သာ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရလျှင် ကျွန်တော်တို့ချမှတ်ထားတဲ့ ဝါဒအတိုင်း ကျင့်သုံးပါ့မယ်လို့ ဒီနေရာကနေပြီး ကြေညာပါတယ်။

ကျွန်တော်နှင့် ကျွန်တော့်ရဲဘော်များက ကျင့်သုံးမယ့် အဓိကဝါဒကတော့ ဤတက္ကသိုလ်နယ်မြေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားစိတ် နိုးကြားထက်သန် လာစေရန် ဖြစ်ပါတယ်။

"ယုံကြည်ချက်"

တက္ကသိုလ်နယ်မြေအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးဟာ ယခုအခါမှာ ပေါ်ပေါက် လာပါပြီ ၊ ဒီသမဂ္ဂအဆောက်အဦးဟာ ကျောင်းသားကျောင်းသူတွေ စုရုံးပြီး နိုင်ငံနှင့် အမျိုးသားရေး ကြိုးပမ်း ရန်အတွက် ဗဟိုအချက်အချာ နေရာကြီး ဖြစ်စေရမယ်။

ကိုထွန်းစိန်ဘက်နှင့် ကိုအိန်ဘက်မှလူများ မဲဆွယ်ကြ၊ တရားဟောကြ၊ စည်းရုံးကြရင်းနှင့်ပင် ဥက္က္ကဌ ရွေးကောက်ပွဲနေ့ သို့ ရောက်ရှိ လာခဲ့လေသည်။

ဥက္ကဌ ရွေးကောက်ပွဲကို နံနက် (၆) နာရီအချိန်တွင် စတင်ကျင်းပသည့် အချိန်မှသပြီး သမဂ္ဂအဖွဲ့ဝင် ကျောင်းသား အများအပြားပင် လာရောက်မဲပေးကြသည်။ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ လူများအားလုံး အား ကြိုးမာန်တက် မဲဆွယ်ကြသည်။ မဲဆွယ်ကြရာတွင် ကိုအိန်ဘက်မှ ကျောင်းသားများက သာလွန်သွားသည်။ ကိုအိန်ကို အားပေးသူ ကျောင်းသားများသည် နိုင်ငံရေးကို ဘာသာရေးနှင့် ရောနှောပြီး မဲဆွယ်ကြသည်။ ကို ထွန်းစိန်မှာ မူဆလင်ဘာသာဝင်ဖြစ်သည်။

(ကိုထွန်းစိန်ခေတ်က ဥက္ကဌရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရေးကောက်ပွဲနှင့် ခပ်ဆင်ဆင် တူသည်။ သမဂ္ဂအဖွဲ့ ဝင် ကျောင်းသားများက လျှို့ ဝှက်မဲပေးစနစ်နှင့် ဥက္ကဌကို တိုက်ရိုက် ရွေးကောက်တင် မြှောက်ကြပါသည်။ သမဂ္ဂ အမှုဆောင်အဖွဲ့ဝင် များကိုလည်း ဤစနစ်ဖြင့်ပင်လျှင် ရွေးကောက်ရပါသည်ဟု ကို ထွန်းစိန်က ပြောပြပါသည်။)

ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာလိုက်သည့် အချိန်မှစပြီး ရက်အတော်ကြာ ကိုထွန်းစိန် နိုင်မည်ဟု တစ်ပြေးနေသော်လည်း ကိုအိန်ကို ထောက်ခံကြသူများက အားကြီးမာန်တက် ကြိုးစားပြီး မဲဆွယ် ကြသဖြင့် မူလက ကိုထွန်းစိန်ကို ထောက်ခံ အားပေးသူများသည်ပင် ကိုအိန်ဘက်သို့ ရောက်ကုန်ကြသည်။ ကိုအိန်ကို အားပေးသည်ကို သဘောမကျ၍ ကိုထွန်းစိန်ဘက်မှ နေပြီး ရှုတ်ချကြသော ကျောင်းသား အများအ ပြားပင်လျှင် ဘာသာရေးစက်ခလုတ်၏ဒဏ်ကို မခံနိုင်ကြ၍ နောက်ပိုင်း၌ ကိုအိန်ဘက်သို့ ရောက်ကုန်ကြသည်။ ကိုအိန်ဘက်မှ လူများစည်းရုံးရေးတွင် တော်ကြပါ၏။ ကျောင်းသားထု၏ အညှာပျော့ကွက်ကို ကိုင်နိုင်ကြသူများ ဖြစ်သည်ဟု ယနေ့ အချိန်တွင် ကိုထွန်းစိန် ပြောပြပါသည်။

"အကြိတ်အနယ်"

ရွေးကောက်ပွဲတွင် ကိုထွန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ အာဃာတ ရှိသူများကလည်း ကိုအိန်ဘက်သို့ မဲပေးကြသည်။ ကျောင်းအုပ်ကြီး အလိုတော်ရိများကလည်း ထိုနည်းတူပင်ဖြစ်သည်။

ရွေးကောက်ပွဲနေ့ နေ့လယ်ပိုင်းအချိန်သို့ ရောက်လာသောအခါ နှစ်ဖက်သို့ မဲပေးကြသူများအားလုံး အကြိတ်အနယ်ဖြစ်လာလေသည်။ နှစ်ဖက်မှ လူများ၏စိတ်များမှာ အကြီးအကျယ် လှုပ်ရှားလျက် ရှိနေကြသည်။ သူ့ဘက်နှင့် ကိုယ့်ဘက် ဘယ်ဘက်က နိုင်မည်ဟု မခန့်မှန်းနိုင်ကြလောက်အောင် ဖြစ်လာသော်လည်း ကိုအိန်ဘက်မှလူများမှာ အိုးစည်၊ ဗုံမောင်းတွေကို တီးကြရင်းနှင့်ပင် မဲဆွယ်လျင်ပင် နေကြသည်။ ရွေးကောက်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။

နှစ်ဖက်မှမဲများကို စေ့စေ့စပ်စပ်နှင့် ရေတွက်ခဲ့ရာမှာ ညဥ့်နက် ၁၁ နာရီအချိန်မှ ပြီးဆုံးသွားခဲ့လေသည်။ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ကိုကျော်ခင်သည် ဥက္ကဋ္ဌ ထိုင်သည့် ကုလားထိုင်မှ ထကာ မဲအရေအတွက်ကို ကျောင်းသားများကို ကြေညာရန် ဟန်ပြင်လိုက်လေသည်။ အစည်းအဝေးခန်းမတွင် ရှိနေကြသော ကျောင်းသားများအားလုံး ငြိမ်သက်စွာနှင့် နားစွင့်နေကြသည်။ အခန်းကြီးတစ်ခန်းလုံးမှာ တိတ်ဆိတ်နေ၏။

ကိုကျော်ခင်က-

“တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်အပေါင်းတို့၊ ရွေးကောက်ပွဲကော်မတီသည် မဲများကို ရေတွက်ကြည့်သောအခါ ယှဉ်ပြိုင်ကြသူ နှစ်ဦးစလုံးရရှိကြသော မဲအရေအတွက်များမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒီနှစ်ဦးအတွက် မည်သူအနိုင်ရသင့်သည်ကို ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲ ကြီးကြပ်ပေးသည့် ကော်မတီအပေါ်၌ တာဝန်ကျရောက်လာပါသည်။ သမဂ္ဂစည်းမျဉ်းဥပဒေအရ ယှဉ်ပြိုင်ကြသော သူနှစ်ဦးတို့ ရရှိသောမဲအရေအတွက်မှာ တူညီနေခဲ့လျှင် ချယ်ရာမင်သည် အနိုင်မဲကို သူပေးချင်သည့်ဘက်သို့ ပေးနိုင်ခွင့်ရှိပါသည်။ မဲဆန္ဒပေးခြင်းမှာ တရားမမျှတဟု ကန့်ကွက်လာခဲ့ပါလျှင်လည်း ရွေးကောက်ပွဲကိုလည်း ထပ်မံကြီးကြပ် ကျင်းပခွင့်ရှိပါသည်။ ကျွန်တော်သည် ဥက္ကဋ္ဌအနေနှင့် ဤကိစ္စကို အလျင်စလို အဆုံးအဖြတ် မပေးလိုသေးပါ။ ရွေးကောက်ပွဲ ကြီးကြပ်သော ကော်မတီအားလုံးနှင့် လေးနက်စွာ ဆွေးနွေးတိုင်ပင်ရပါဦးမည်။ ဤသို့ ပြောဆိုရသည်မှာ တရားမျှတစေရန်အတွက်သာ ဖြစ်ပါသည်။ အခြား ဘာအကြောင်းမျှမရှိပါ။ သို့အတွက် ယနေ့ည အဆုံးအဖြတ် မပေးသေးဘဲ နက်ဖြန် ၈နာရီ အချိန်ကျမှာသာ ကျွန်တော်၏ မဲဖြင့် အဆုံးအဖြတ်ပေးပါမည်” ဟုပြောပြီး ထုတ်ဖော်ကြေညာလိုက်လေသည်။ တစ်ဦးတစ်ယောက်မျှ စကားမပြောနိုင်ကြပါ။ သမဂ္ဂအဖွဲ့ဝင်အားလုံး လိပ်ခဲတည်းလည်းနှင့်ပင် သမဂ္ဂ အဆောက်အဦးမှ ပြန်သွားကုန်ကြသည်။ မည်သူ့ကို အနိုင်ပေးမည်။ ရွေးကောက်ပွဲကိုပဲ ထပ်မံကျင်းပပေးမည်။ အဖက်ဖက်မှ ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် ရွေးကောက်ပွဲ ကြီးကြပ်သည့် ကော်မတီက ပြဿနာကို မည်သူဖြေရှင်းမည်ကို ကျောင်းသားများအားလုံး မျှော်တလင့်လင့်နှင့် ရှိနေကြတုန်းပင် ဖြစ်သည်။ ”

နောက်တစ်နေ့ ၈ နာရီအချိန်တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦး အတွင်းမှာ လာရောက်ကြသော ကျောင်းသားများနှင့် ပြည့်နှက်လျက် ရှိနေ၏။

ချယ်ရာမင် ကိုကျော်ခင်က ယမန်နေ့က မဲဆန္ဒပေးပွဲမှာ တရားမျှတမှု ရှိမရှိနှင့် ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲမှာ စည်းမျဉ်းဥပဒေအတိုင်း ကော်မတီက ဆောင်ရွက်ပေးခဲ့သည်။ မပေးခဲ့သည်ကို စတင် မေးမြန်းလေသည်။ အရွေးခံသူ နှစ်ဦးစလုံးကို အားပေးသော ကျောင်းသားများက ကန့်ကွက်စရာမရှိပါ။ ရွေးကောက်ပွဲကော်မတီ တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးကပင် ကျေနပ်ပါသည်။ လစ်ဟင်းမှုများ၊ မသမာမှုများ လုံးဝ မရှိပါ။ ကော်မတီပင် တိကျမှန်ကန်စွာ အဆုံးအဖြတ် ပေးလိမ့်မည်ဟု ယုံကြည်ကြကြောင်းကို ပြန်ဖြေကြလေသည်။

ချယ်ရာမင် ကိုကျော်ခင်က ဤသို့ဆိုလျှင် ကျွန်တော်နှင့်တကွ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ယခုအခါ တင်ပြပါတော့မည်။ ဤရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ပုဂ္ဂိုလ်နှစ်ဦး၏ အရည်အချင်းကို ယုံမှားသံသယ မရှိပါ။ နှစ်ဦးစလုံးပင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ၏ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပြီး ကျောင်းသားများကို ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပေးရမည်လား သို့မဟုတ် ကျွန်တော် ဥက္ကဋ္ဌအနေနဲ့ အနိုင်မဲကိုပဲ မည်သူ့ကိုပေးရမည်လား။ ထိုကိစ္စနှစ်ရပ်အတွက် ကြာမြင့်စွာ အချိန်ယူပြီး လေးနက်စွာ စဉ်းစားကြည့်သောအခါ ယခုပြီးစီးသွားသော ရွေးကောက်ပွဲမှာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု နှစ်ဦး နှစ်ဖက် စလုံးမှ အတိအလင်း ဖွင့်ဟ ပြောဆိုကြပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော် ပေးပိုင်ခွင့် ရှိနေသော အနိုင်မဲကို အသုံးပြုပြီး အဆုံးအဖြတ် ပေးပါတော့မည်။ ကိုထွန်းစိန်နှင့် ကိုအိန် တို့၏ အရည်အချင်းများမှာ တူညီနေသော်လည်း ကိုထွန်းစိန်သည် သူ၏ ကောလိပ်သက်တမ်းတစ်လျှောက်၌ မျိုးချစ်စိတ် အလွန်ထက်သန်လှပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ပေသည်။ ဗြူရိုကရက်ကြီးများကို ရင်ဆိုင်ရာတွင်လည်း သတ္တိပြောင်မြောက်လှပေသည်။ တက္ကသိုလ်ကျောင်းသားများအတွက်သာမက တိုင်းပြည်တစ်ပြည်လုံးမှ တိုင်းရင်းသားများ အကျိုးအတွက်ကိုပါ မျှော်ကိုးပြီး အမျိုးသားရေးကိစ္စများ၌လည်း ဝင်ရောက် ရွက်ဆောင်လိုသော စိတ်ဆန္ဒ ပြင်းပြစွာ ရှိသည်ကို တွေ့နေရသည်။ သို့ဖြစ်၍-

“ကော်မတီ၏ ချယ်ရာမင်ဖြစ်သူ ကျွန်ုပ် ချယ်ရာမင် ကော်မတီသည် ရန်ကုန်တက္ကသိုလ်ဥပဒေ ပထမနှစ်သင်တန်း၌ တက်ရောက်သင်ကြားနေသော ကိုထွန်းစိန်ဘက်သို့ အနိုင်မဲ ပေးလိုက်သည်ဖြစ်ကြောင်း ဤနေရာမှ ကျောင်းသားထုအား ကြေညာလိုက်ရပါသည်။”

ကိုထွန်းစိန်ကို အနိုင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်သမဂ္ဂအဆောက်အဦးတစ်ခုလုံးမှာ လက်ခုပ်သံများနှင့် ဆူညံသွားလေသည်။ လက်ခုပ်သံများ ဆူညံသွားခဲ့သော်လည်း အိုးစည် ဗုံမောင်းသံများမှာမူ ထွက်ပေါ်မလာနိုင်တော့ပါ။ ဒို့ဘက်ကလူနိုင်လျှင် ကခုန်ပြီး တအားရိုက်တီးလိုက်မည်ဟု အားခဲလာကြသူများမှာ မကြံနိုင်ဘဲ လက်မှိုင်ချကာ ပြန်ကြရလေတော့သည်။ ကျောင်းသားအားလုံးသည်လည်း အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာသွားကြသည်။

ချယ်ရာမင် ကိုကျော်ခင်သည် အနိုင်မဲကို ကိုထွန်းစိန်သို့ ပေးပြီးလေသောအခါ ဆက်လက်၍ “ဤနေရာက ကျွန်တော် ဖယ်ပေးပါတော့မည်။ မဲဆန္ဒနှင့် အရွေးခံရသော ကိုထွန်းစိန်ခင်ဗျား။ ဥက္ကဋ္ဌရဲ့ ကုလားထိုင်ပေါ်မှာ လာရောက်ထိုင်ပါ” ဟုပြောကာ ဖိတ်ခေါ်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။

ပထမဆုံးအကြိမ် ကျောင်းသားများ မဲဆန္ဒနှင့် ရွေးကောက်တင်မြောက်ခြင်း ခံရလိုက်ရသော ကိုထွန်းစိန် စင်မြင့်ပေါ်သို့လာပြီး ဥက္ကဋ္ဌနေရာ၌ ဝင်ရောက်ထိုင်လိုက်သည်။

“ရဲဘော်တို့၊ ကျွန်တော့်ကို မဲဆန္ဒပေးကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။ ဤသမဂ္ဂအမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲဟာ တက္ကသိုလ်သမိုင်းမှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရှေးက တစ်ကြိမ်တစ်ခါမျှ ဒီလိုအဆောက်အဦးမျိုးမှာ ဒီလိုသမဂ္ဂမျိုး မပေါ်ဘူးသေးပါ။ ယခုမှ ကျောင်းသားထုနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ကြိုးပမ်းလှုပ်ရှားရန် ခြေကုပ်ယူရမယ့် ဗဟိုအချက်အခြာ နေရာကြီး ပေါ်လာတာဟာ ဝမ်းသာစရာပါပဲ။ ကျွန်တော်တော့ ဤကျောင်းသားသမဂ္ဂကြီးကနေပြီး တစ်နေ့ကျလျှင် မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် ဦးဆောင်ပေးနိုင်မယ့် သားကောင်းရတနာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒီလို ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကစပြီး ကျွန်တော်တို့အားလုံး စုပေါင်းပြီး ကြိုးပမ်းသွားကြရပါလိ့မ်မယ်။ လွတ်လပ်ရေး ပန်းတိုင်သို့ ရောက်အောင် သွားရမယ့်ခရီးကတော့ ရှည်ဝေးလှပါသေးတယ်။ လွတ်လပ်ရေးပန်းတိုင်သို့ သွားရမည့်ခရီး၊ လမ်းခရီးတစ်လျှောက်မှာ အန္တရာယ်တွေ အနှောင့်အယှက်တွေ ဆူးငြောင့်ခလုပ်တွေ ရန်သူတွေကို အများကြီး ရင်ဆိုင်ကြရပါလိ့မ်ဦးမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဟာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးရဲ့ လက်အောက်မှာ မရှိစေရပါဘူး။ အခမ်းအနားတွေ အဆောက်အဦးတွေမှာ လွှင့်လေ့ရှိတဲ့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့အလံ၊ ယူနီယံဂျက်အလံကို ဒီတက္ကသိုလ် သမဂ္ဂ အဆောက်အဦးမှာ မလွှင့်ဘဲ မြန်မာတို့အလံဖြစ်တဲ့ ဒေါင်းအလံကိုသာ ယခုအချိန်မှစပြီး လွှင့်ထူပါ့မယ်။ ကျွန်တော်တို့တစ်တွေ အသိအမှတ်ပြုတဲ့ အလံဟာ ဒေါင်းအလံသာ ဖြစ်စေရမယ်။ ဒေါင်းအလံဟာ ရှေးမြန်မာတို့ရဲ့ အလံပါပဲ။ ယခုအချိန်ကစပြီး ကျွန်တော်တို့ တစ်တွေဟာ ဒေါင်းအလံကိုသာ အလေးပြုရပါလိမ့်မယ်။ ယူနီယံဂျက်အလံကို အလေးမပြုတော့ပါဘူး။ ယခင်က ကျွန်တော်တို့အဆို တင်သွင်းထားခဲ့တဲ့အတိုင်း တက္ကသိုလ်ကျောင်းဖွင့်တဲ့အချိန်ကစပြီး အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေ ကျင်းပတဲ့အခါမှာ သီဆိုလာခဲ့တဲ့ အင်္ဂလိပ်အမျိုးသား နယ်ချဲ့အမျိုးသားသီချင်းအစား မြန်မာအမျိုးသားသီချင်းကိုသာ သီဆိုကြရန် ကြံရွယ်ထားပါတယ်” ဟုပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ် လိုက်လေသည်။"

"တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ မိန့်ခွန်းပြီးဆုံးသွားသောအခါ သမဂ္ဂအဆောက်အဦးကြီး၏ အစည်းအဝေးခန်းမဆောင်ကြီးအတွင်း၌ လက်ခုပ်သံများနှင့် ကြွေးကြော်သံများမှာ သန်းခေါင်အချိန်တိုင် ဟိန်းသွားလေတော့သည်။ ပထမဦးဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားထုက ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌ၏မိန့်ခွန်း ပြီးဆုံးသွားသောအခါ ည ၁၂ နာရီကျော်ပြီဖြစ်၍ ကျောင်းသားအားလုံး ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာသွားကြလေသည်။"

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။