Pages

Monday, July 2, 2012

ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်-(၁) | ဌေးလွင်ဦး




ဤစကားလုံးကို သုံးလိုက်၍ မြန်မာရခိုင် တိုင်းရင်းသား စစ်စစ်များအား စော်ကားခြင်း မဟုတ်ပါ။ ရာဇ၀င်ထဲရှိ ရခိုင်နိုင်ငံတော်အား စော်ကားခြင်းလည်း မဟုတ်ပါ။ ရခိုင်ပြည် တောင်ပိုင်း မြောက်ပိုင်း သွေးခွဲခြင်းလည်း မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံကို ရိုးသားစွာ ချစ်သည့် မြန်မာနိုင်ငံရေးသမားများနှင့် မြန်မာရခိုင်စစ်စစ်တို့ ဆင်ခြင်နိုင်ကောင်းစေဘို့သာ ရည်ရွယ်ပါတယ်။

ရခိုင်နိုင်ငံတော်လို့ ပြောဆိုနေကြတဲ့ စကားလုံးဟာ သမိုင်းမှာ မှားယွင်းနေပါတယ်။ ရခိုင်လူမျိုးစုတစ်စုတည်းက မောင်ပိုင်စီးပြီး အမည်နာမ ကင်းပွန်းတပ် ခေါ်ဆိုထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ပင်လယ်ကမ်းမြောက်ဒေသကြီးဟာ နိုင်ငံတစ်ရပ်အနေနဲ့ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သမိုင်းမှာ ဖေါ်ပြပြီး- ရခိုင်နေပြည်တော် ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ နာမည်နဲ့ နိုင်ငံကို ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး- ဆိုတဲ့ နေရာဒေသအမည်များနဲ့သာ တိုင်းပြည်အဖြစ် ထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။




ဓည၀တီနေပြည်တော်ခေတ်မှသည် မြောက်ဦးနေပြည်တော်ခေတ်အထိ တိုင်းပြည်အုပ်ချုပ်မှု ဧရိယာဟာ စစ်တ ကောင်းမှသည် မော်ဒင်စွန်းထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ဦးခေတ် အေဒီ ၁၄၃၃ ခုနှစ် မင်းစောမွန် (မွတ်စလင်အမည် အလီခန်)က စပြီး အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံရဲ့ ထက်ဝက် စစ်တကောင်းနယ် တစ်ခုလုံးနဲ့ ဒါ့က်ကားထိ ဓည၀တီနိုင်ငံတော်ထဲမှာ ပါဝင်ခဲ့ပါတယ်။ မြောက်ဦး နေပြည်တော် နိုင်ငံရဲ့ နောက်ဆုံးမင်း မဟာသမ္မတရာဇာ နန်းတက်လာတော့၊ သူဟာ ရမ်းဗြဲ- ဇိန်ချောင်း ဇာတိဖြစ်လို့ မြောက်ပိုင်းသားများက မကျေမနပ် ဖြစ်လျှက် ကုန်းဘောင်မင်း ဘိုးတော်ဦးဝိုင်းဆီမှာ စစ်ကူတောင်းပြီး တောင်ပိုင်းသား သမ္မတမင်းကို ထီးနန်းဖြုတ်ချစေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ မြောက်ဦးနေပြည်တော်ကို ဗမာက သိမ်းလိုက်တယ်။ ဒီလိုသိမ်းလိုက်တော့လည်း- မြောက်ဦးနေပြည်တော် ပိုင်မြေသည် မောင်းတောမြို့မှ ဂွမြို့ထိ ဖြစ်စေရမည်ဟု သတ်မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်ကို သိမ်းပိုက်သည် ဆိုခြင်းမှာ မြောက်ဦးနေ ပြည်တော် ပိုင်ဆိုင်ရာ နယ်နမိတ်အားလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာများရဲ့ လက်အောက်မှာ မနေလို လို့ အင်္ဂလိပ်ကို စစ်ကူတောင်းပြီး ဗမာကို ပြန်လည်တော်လှန်ခဲ့ပြီး ၁၈၂၆ ခု ရန်တပို စာချုပ်အရ အင်္ဂလိပ် လက်အောက်ကို ရောက်သွားတဲ့ မြောက်ဦးနေပြည်တော်ဟာ- မောင်းတောမှ ဂွမြို့ထိ ဖြစ်စေရမယ်လို့ သတ် မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်က ပိုင်စိုးအုပ်ချုပ်ခဲ့ရာ ဒေသတစ်ခုလုံးကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက မင်းတွေ ခေတ်တွေပဲ ပြောင်းသွားတယ်၊ မြောက်ဦးနေပြည်တော်ရဲ့ အကျယ်အ၀န်းနဲ့ အဲ့ဒီမှာ နေခဲ့တဲ့ တိုင်းရင်းမျိုးနွယ်စုတွေက ပျောက်ပျက်သွားခြင်း မရှိခဲ့ပါ။

ဘီစီ ၃၃၂၅ ခုနှစ်- ဓည၀တီခေတ်ကစ စစ်တကောင်းထိ ကျယ်ဝန်းခဲ့တဲ့ နိုင်ငံတစ်ခုကို ၁၉၄၈ (နု- အက်တလီ) စာချုပ်မှာမှ ပိုင်းခြားခံလိုက်ရခြင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မင်းတွေက မွတ်စလင်ဘွဲ့ မခံယူခဲ့တဲ့ အကြောင်းရင်းက အဲ့ဒီ ခေတ်တွေက အစ္စလာမ်သာသနာလည်း မပေါ်သေးသလို၊ စစ်တကောင်း ဒေသကိုလည်း အစ္စလာမ် သာသနာမရောက်သေးပါ။ အဲ့ဒီ ဒေသကို အစ္စလာမ်သာသနာက အေဒီ ၁၂ ရာစု လောက်မှစတင်ရောက်လာခဲ့တာပါ။ ဒီရာစုတွေ မတိုင်မှီ ရှေးပဝေဏသီကပဲ ဒီလူမျိုးတွေဟာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နေပြည်တော်အတွင်းနေ လူမျိုးများ ဖြစ်ပြီး- သူတို့ဟာ သူတို့ လွတ်လပ်စွာ ဘာသာကူး ပြောင်း သွားခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ ခေတ်က ဘုရင်မင်းများကလည်း တိုင်းသူပြည်သားများ ကြိုက်နှစ်သက် ရာကို ကိုးကွယ်ယုံကြည်စေခဲ့လို့ သူတို့ကိုယ်တိုင် သာသနာပြောင်းခွင့် ရခဲ့ခြင်း ဖြစ်တယ်။ မဂိုမင်းတွေက နယ်လု သာသနာပြုခဲ့ခြင်း မဟုတ်ပါ။ မဂိုမင်းများ စစ်တကောင်းနယ်ကို ရောက်လာတဲ့ သမိုင်းက ၁၆၆၆ ခုနှစ် ဖြစ်တယ်။ ဒီမတိုင်မှီကတည်းက မြောက်ဦးပြည့်ရှင် မင်းစောမွန်က အလီခန် ဆိုတဲ့ မွတ်စလင်ဘွဲ့ကို ကိုယ်တိုင် ခံယူပြီး ဖြစ်နေခဲ့ပါပြီ။ ၁၆၆၆ ခုနှစ်မှာ မဂိုမင်းတွေ စစ်တကောင်းကို သိမ်းပိုက်ခဲ့ပေမယ့်- သူတို့က စစ်တကောင်း နယ်ကို မြောက်ဦးနေပြည်တော်ထံပဲ ပြန်အပ်ခဲ့ပါတယ်။

နေပြည်တော် တစ်ခုတည်း အတွင်း နေထိုင်ခဲ့တဲ့ လူမျိုးစုံဟာ အဲ့ဒီနေပြည်တော်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အခြေချခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာများ စစ်တကောင်းနယ်ထဲမှာ အင်နဲ့အားနဲ့ တည်ရှိသလို၊ ရိုဟင်ဂျာများ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲထိ အင်နဲ့အားနဲ့ တည်ရှိနေခဲ့ပါတယ်။ မြန်မာပြည်မထဲက မွန်နဲ့ ဗမာကဲ့သို့ တည်ရှိနေခဲ့ပါတယ်။ (ဒီကိစ္စက သမိုင်းလိမ် မဟုတ်ပါ။ ရခိုင်ရာဇ၀င်ကျွမ်းကျင်သူ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ သမိုင်းအထောက်အထားအားဖြင့် သော်လည်းကောင်း၊ ယုတ္တဗေဒအားဖြင့် သော် လည်း ကောင်း ဖျောက်ဖျက်၍ မပျောက်နိုင်သေးသော လက်တွေ့ သမိုင်းအထောက်အထားများဖြင့် သော်လည်း ကောင်း မည်သူနှင့်မဆို ရှင်းနိုင်ပါတယ်။)

ကိုလိုနီဖြစ်ရတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေ လွတ်လပ်ရေး ရတော့မယ် ဆိုတော့-၊ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံခွဲ အုပ်ချုပ်မှု ဒေသတစ်ခုစီကို နိုင်ငံတစ်ခုအဖြစ် လွှဲအပ် လွတ်လပ်ရေးပေးရတော့မှာပါ။ ဒီအချိန်အခါမှာ ဘာသာရေးအရ ဖြစ်စေ၊ သမိုင်းအရဖြစ်စေ သီးခြားဖြစ်တည်ခဲ့တဲ့ ဒေသနဲ့ လူမျိုးများက ခွဲထွက်ရေးကို လုံးပန်းခဲ့ပါတယ်။ အနီး စပ်ဆုံး အိန္ဒိယပြည်ကို ကြည့်ပါ။ အင်္ဂလိပ်မအုပ်ချုပ်မှီက မဂိုလ်မင်းများ လက်ထက် တစ်နိုင်ငံတည်း ဖြစ်ခဲ့တဲ့ ဒေသကြီးကို လွတ်လပ်ရေး ရယူစဉ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်လို့ ခွဲယူခဲ့ကြပါတယ်။ ပြသနာက ခေါင်းဆောင်ချင်း အာဏာလုတဲ့ ကိစ္စပါ။ အလီဂျင်းနားကြီးနဲ့ ဂန္ဒီကြီးတို့ အချင်းချင်း အစာကြေအောင် မဆွေးနွေးနိုင်ခဲ့တာက စတယ်လို့ ဆိုရပါမယ်။ လူများစုကြီး ဖြစ်တဲ့ ဟိန္ဒူများက လူနည်းစု မွတ်စလင်တွေကို ဖိနှိပ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာ ဥပဒေ မပြုနိုင်ခဲ့လို့ မွတ်စလင်များက စိုးရိမ်ပြီး မွတ်စလင်များရာ နယ်များကို သီးခြားခွဲယူ ခဲ့ရတဲ့ အဖြစ်ပါ။ ဒီလို နိုင်ငံခွဲယူတာက အရေးမကြီးဘူး ပြသနာက နိုင်ငံခွဲတဲ့အခါမှာ မွတ်စလင်များ မွတ်စလင် များရာဒေသကို ပြောင်း၊ ဟိန္ဒူများက ဟိန္ဒူများရာ ဒေသကိုပြောင်း- (မပြောင်းချင်ရင်လည်း အတင်းအဓမ္မ ပြောင်း)နဲ့ လူသန်းပေါင်းများစွာ သေကျေခဲ့ရပါတယ်။

လွတ်လပ်ရေး သမိုင်းတစ်လျှောက် အိန္ဒိယနဲ့ ဆင်တူခဲ့တဲ့ မြန်မာဟာ အိန္ဒိယ အတုကို အကုန်ခိုးချခဲ့တယ်လို့ ပြောနိုင်တယ်။ အဓိက ပြသနာက ရခိုင်က စခဲ့ပြန်တယ်။ ရခိုင်ဘုန်းကြီး ဦးစိန္တာဟာ ရခိုင်ကို မြန်မာက သီးခြားခွဲ ထွက်ပြီး သီးခြားနိုင်ငံ ထူထောင်လိုခဲ့တယ်။ ဒါပေမယ့် သူ့အိပ်မက် ရခိုင်နိုင်ငံ ဆိုတာ မြောက်ဦးနေပြည်တော် လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုလုံး မဟုတ်ဘဲ- ရခိုင်ဗုဒ္ဓဘာသာများသာ သီးသန့်နေထိုင်တဲ့ ရခိုင်နိုင်ငံ တော် အဖြစ် စိတ်ကူးယဉ်ခဲ့တယ်။ ဒီအတွက် ပါကစ္စတန်နဲ့ အိန္ဒိယ လူချင်း ကူးပြောင်းနေရာရွှေ့မှုကို အတုယူပြီး ရခိုင်ဒေသက မွတ်စလင်များကို စစ်တကောင်းထဲကို မောင်းထည့်၊ စစ်တကောင်းဒေသက ရခိုင်ဗုဒ္ဓဘာသာများ ကို ရခိုင်ပြည်ထဲကို မောင်းထည့်တဲ့ စီမံချက်ကို စတင်ခဲ့တယ်။ ဒီကိစ္စကို သူနဲ့ အပေါင်းပါ တစ်စုသာ လက်ခံခဲ့ပြီး သာမန်ပြည်သူကြီး ဘယ်မှာနေနေ ကိုယ့်ဒေသကို ကိုယ်ချစ်နေတော့ ရွေ့ပြောင်းရ ခက်ခဲခဲ့တယ်။

ဒီအတွက် လူဆိုးလူမိုက် တစ်ချို့ကို မွေးပြီး မွတ်စလင်လူနည်းစုနေ ကျေးရွာများက မွတ်စလင်တွေရဲ့ အိမ်တွေ ကို မီးရှို့၊ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့တယ်။ ဒီတော့ မွတ်စလင်တွေဘက်ကလည်း မခံမရပ်နိုင် ဖြစ်- မွတ်စလင်များတဲ့ ဒေသက ရခိုင်ဗုဒ္ဓဘာသာ အိမ်တွေကို မီးရှို့၊ ရခိုင်ဗုဒ္ဓဘာသာများကို မောင်းထုတ် အပြန် အလှန်ဖြစ်ကုန်တယ်။ ဒီကစ လူမျိုးရေး အဓိကရုန်းကြီး ဖြစ်သွားတယ်။ ဒီကိစ္စကြီးက မြန်မာပြည် လွတ်လပ်ရေး ရလုရလု အချိန် ၁၉၄၂ ခုနှစ်က ဖြစ်ရပ်ပါ။ လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ ပါကစ္စတန်ကို အတုခိုးပြီး- ဦးစိန္တာက ရခိုင် ဗုဒ္ဓဘာသာ နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပါတယ်။

ဦးစိန္တာရဲ့ ရည်ရွယ်ချက်ကို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ တို့မှာ ရှိတဲ့ ဆရာတော်ကြီးတွေက သဘောမတူ ခဲ့ဘူး။ ဆရာတော်ကြီးများက ဘုန်းကြီးနဲ့ နိုင်ငံရေး မပတ်သက်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ဦးစိန္တာကို ကန့်ကွက် ခဲ့တယ်။ အထူးသဖြင့် ရမ်းဗြဲဆရာတော်၊ သံတွဲဆရာတော်ကြီးများက ကန့်ကွက်ခဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် ရမ်းဗြဲနဲ့ သံတွဲနယ်က လူတွေကို ဗမာလူ- (အောက်သား)များလို့ ကင်ပွန်းတပ်ခဲ့တယ်။

ဦးစိန္တာရဲ့ လှုပ်ရှားမှု အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်များကို အတော်အတန် သွင်းနိုင်ခဲ့သလို၊ ရခိုင်ပြည်ထဲ က မွတ်စလင်များကိုလည်း အတော်အတန် မောင်းထုတ်နိုင်ခဲ့တယ်။ အထူးသဖြင့် လူနည်းစုနေ နေရာဒေသ များမှာ ဖြစ်ခဲ့တယ်။

ဆက်လက်တင်ပြပါမည်။

ဌေးလွင်ဦး
ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။