Pages

Wednesday, April 18, 2012

ဟစ်ဂျရသ်၊ ဂျေဟာဒ်၊ စစ်နှင့် ငြိမ်းချမ်းရေး



ယခုအခါ လူများစွာကပင် အစ္စလာမ်၏ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အမြင်မှား ကို ပြောဆိုလာနေကြ သည်။ ဤမေးခွန်းနှင့် ပတ်သက်၍ အဖြေတစ်ရပ်ကို ပေးဖို့ရာလွယ်ကူလှသည် မဟုတ်ပါ။ အစ္စလာမ် ဟူသော ဝေါဟာရကို သုံးစွဲလာသူ တိုင်း နည်းတူပင် စစ်အကြောင်းကိုလည်း အများပြော လာကြသည်။ ဤနှစ်ခုအကြား ဆက်စပ်မှုကလည်း သူ့အလိုလို ပင်ဖွံ့ဖြိုးတိုးတက်လာပေသည်။ အထူးသဖြင့် နိုင်ငံရေးသမားများ၊ စာနယ်ဇင်းများနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက အစ္စလာမ်ကို ကြောက်စရာအဖြစ် ထင်ဟပ်သွားအောင် ဘာသာရေးစစ် (Holy War) ဆိုပြီးတော့ပါ ဖြည့်စွက်ပြီး ဝေဖန်လာခဲ့ကြသည်။



အစ္စလာမ်ဟူသည် ငြိမ်းချမ်ရေးကို ဖန်တီးခြင်းမည်၏
ယနေ့ အစ္စလာမ်ဟူသော ဝေါဟာရကို လူသုံးများလာသလောက် ယင်း၏ အဓိပ္ပာယ်ကိုကား လူအ နည်း ငယ်ကသာ သိရှိကြပါသည်။ အများစုကြီးကမူ ကမ္ဘာ့ဘာသာကြီးတစ်ခု၏ အမည်ဆိုရုံ လောက် သာ သိထားကြပါတော့သည်။ ယုံကြည်ချက်၏ အဓိကလိုအင်များကို ထင်ဟပ်ထားရာ ဤဝေါဟာရ၏ အနက်ကိုမူ စဉ်းစားမိသူက အနည်းအကျဉ်း မျှသာရှိပါသည်။ ဤသို့အနက်အမှန်ကို မသိရှိကြရာက မလိုတမာ အမြင်မှား အထင်မှားမှုများက တွင်ကျယ်သွားရခြင်းဖြစ် သည်။ အစ္စလာမ်သည် ငြိမ်းချမ်း ရေး ကို ဖန်တီးခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ ငြိမ်းချမ်းမှုကို ဖန်တီးယူရာ ဘ၀လမ်းစဉ်နှင့် ဘာသာ တရားလည်းဖြစ်သည်။ ဖန်တီးယူမှုဟူသော အမည်သည်ကပင်လျှင် အစ္စလာမ်ဖြစ်သည်။ လူသားထု အတွက် အရေးပါသမျှ အခန်းကဏ္ဍ အသီးသီးဝယ် အစ္စလာမ်က ငြိမ်းချမ်းပကတိရှိနေရေးကို လိုလား ပါ သည်။ လူသည် ထာဝရအရှင်နှင့် မိမိကိုယ်ကိုပါ ငြိမ်းချမ်းမှုကို ရယူပါမည်။ ဤသို့ဖြစ်အောင် ကျင့်ကြံပြု မူနေထိုင်သူကိုသာ မွစ်လင်မ် (၀ါ) ငြိမ်းချမ်းရေးကို ဖန်တီးသူဟု ခေါ်ဆိုပါသည်။

ဘာသာရေးစစ်ပွဲ (Holy War) ဟူ၍မရှိပါ

ဤသို့ဆိုပါက “ဘာသာရေးစစ်ပွဲ (Holy War) ဆိုသည်က မည်သည့်သဘောပါနည်း” ဟု မေးစရာရှိလာပါ သည်။ တကယ်ဆို ကုရ်အာန်ထဲတွင်လည်း ဘာသာရေး စစ်ပွဲဆိုပြီးမပါရှိပါ။ အစ္စလာမ်နှင့် ဘာမှ မပတ်သက်သော ဝေါဟာရ တစ်ခုသာ ဖြစ်ပါသည်။ အနောက်တိုင်း အီဆာအီတို့က အရှေ့တိုင်းအပေါ် ခရူးဆိတ်စစ်ပွဲကို ဆင်နွှဲရာဝယ် အစ္စလာမ်နှင့် မွစ်လင်မ် များအပေါ် ဆန့်ကျင်ခဲ့စဉ် အလယ်ခေတ်၌ ထွင်လိုက်သည့် အခေါ်အဝေါ် တစ်ခုသာဖြစ်သည်။ ဤသည်ကို လူတို့က ဘာသာရေးစစ်ပွဲ (Holy War) ဟု ခေါ်ဆိုကြရာက တွင်သွား ရခြင်းဖြစ်သည်။ တကယ်တော့ “သူခိုးက လူလူ” ဆိုပြီး ဟစ်နေခြင်းသည်ဖြစ်သည်။

ဂျေဟာဒ်ဟူသည်

ကုရ်အာန်ထဲတွင် ဘာသာရေးစစ်ပွဲဆိုပြီး မပါပါလျှင် ဂျေဟာဒ်ဟူသည် ဤအဓိပ္ပာယ်ပင် မဟုတ်လောဟု မေးစရာရှိ လာပါသည်။ လုံးဝမဟုတ်ပါ။ ဂျေဟာဒ်သည် ကုရ်အာန် မှဝေါဟာရ ဖြစ်ပြီး မြင့်မြတ်သောဟူ၍ရော၊ စစ်ဟူ၍ရော အဓိပ္ပာယ်ကိုဆောင်မထားပါ။ ယင်းကို ဘာသာ ပြန် ရန်ပင်မလွယ်ကူလှပါ။ အကောင်းဆုံးဖော်ပြနိုင် သည်ကား “အစွမ်းကုန် တစ်စုံ တစ်ရာ အားလုပ်ဆောင်ခြင်း” (သို့မဟုတ်) “အပြည့်အ၀ ကြိုးပမ်းလှုပ်ရှားမှု” ဟု အနက်ရပါသည်။ ဤအတွက်ကြောင့် မွစ်လင်မ်(ငြိမ်းချမ်းရေးကိုဖန်တီးသူ)၏ ကြိုးပမ်းချက် ခပ်သိမ်းသည်ပင် ဂျေဟာဒ် မည်ပါသည်။ သို့အနေနှင့် ဂျေဟာဒ်ဟူသည့် အပြည့် အ၀ကြိုးပမ်းချက် မပါဘဲ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တို့အတွက် လုပ်ဆောင်မှုကို ပြည့်ဝသော ပကတိရိုးသား သောလုပ်ရပ်ဆိုပြီးယူ၍ မရသေးပါ။ တမန်တော်မြတ်(ဆွ)သခင်က “အကောင်းဆုံးသော ဂျေဟာဒ်ဟူသည် တရားမဲ့သော မင်း၏ ရှေ့မှောက်ဝယ် မှန်ကန်ရာ (တရားမျှတရာ) စကားကို ဆိုခြင်းပင်တည်း” ဟု မိန့်ခြွေခဲ့ပါသည်။ ဤအချက်ကပင် အပြည့်အ၀ ကြိုးပမ်းချက်ဟူသည် အဘယ် အမျိုးအစား ဆိုသည်ကို ရှင်းလင်းစွာ ညွှန်ပြနေပါသည်။ မိမိ၏ကြောက်စိတ်ကို အောင်နိုင် ရမည်။ နစ်နာမည်ကို စိုးရွံ့၍ ရေငုံနှုပိတ်နေခြင်းနှင့် အတ္တ၀ါဒကို အောင်နိုင်ရပါမည်။

ဤ ဂျေဟာဒ်ဟူသည် မိမိ၏ အတ္တကို ထိန်းချုပ်အောင်နိုင်ခြင်းလည်း မည်ပါသည်။ ဤအတွက်ကြောင့်ပင် တမန်တော်မြတ်ကြီး(ဆွ)က မိမိ၏ အဆွေတော်များနှင့် စစ် မြေပြင် မှပြန်လာခိုက်ဝယ် “ငါတို့တတွေကား အသေးစားဂျေဟာဒ်ဘက်မှ အကြီးစား ဂျေဟာဒ် ဘက်သို့ ပြန်လှည့်ခဲ့ကြပြီ” ဆိုပြီး မိန့်တော်မူခဲ့ခြင်းဖြစ်ပေသည်။ လက်နက်ကိုင်တိုက်ပွဲဝင်မှုက အသေးစားဂျေဟာဒ်ဖြစ်ပြီး မိမိအတ္တကို တိုက်ခိုက်ခြင်းက အကြီးစားဂျေဟာဒ် ဟုဆိုပါသည်။ အစ္စလာမ်တွင်စစ်နှင့် ငြိမ်းချမ်းရေးကို ပြောကြားရာ၌ ဤအမြင်ကို နှလုံးပိုက်ထားရပါမည်။
ဂျေဟာဒ်သည် အစ္စလာမ်လူ့အဖွဲ့အစည်းဟူသော အိမ်ကို မိုးထားသော အမိုးပမာ အရေးပါ သော ကျင့်စဉ် တာဝန်တစ်ရပ်ဖြစ်သည်။ သာဂျူလ်အူရုစ်ကျမ်းတွင် ဂျေဟာဒ်ကို အေမာမ်ရာဂိဗ် က အဓိပ္ပာယ်ဖော်ပြရာတွင် အင်းအားကို အားကုန်သုံး၍ လှုပ်ရှားကြိုးပမ်းခြင်း ဟု ဖော်ပြထားသည်။ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဂျေဟာဒ်တွင် မွစ်လင်မ်တို့အဖို့ ရည်မှန်းချက် ပန်းတိုင်သို့ချီတက်ရာတွင် တွေ့ကြုံရသော အခက်အခဲကို တွန်းလှန်ဖယ်ရှား ကြိုးပမ်း လှုပ်ရှားခြင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းသို့ကြိုးပမ်းလှုပ်ရှားရာတွင် နောက်ဆုံး အနေဖြင့် စစ်မက်တိုက်ခိုက်ခြင်းဖြင့် ရည်မှန်းချက်အတွက် အသက်ကိုပင် စွန့်လွှတ်ခြင်းကို ပြုကြရသည်။ ယင်းသို့ ပြုလုပ်လှုပ်ရှားခြင်းကို ဂျေဟာဒ် ဟုခေါ်သည်။ သတိထားရမည်မှာ တရား သော စစ်မက် တိုက်ခိုက်ခြင်း သည် ဂျေဟာဒ်တွင် ပါဝင်သည့် အချက်ဖြစ်သည်။ သို့ရာတွင် စစ်မက်တိုက်ခိုက်ခြင်းမှန်သမျှကို ဂျေဟာဒ်ဟု ခေါင်းစဉ်မတပ်နိုင်သလို ဂျေဟာဒ် မဟုတ် သည်ကိုလည်း သတိပြုရပေမည်။ ကျမ်းမြတ်ကုရ်အာန် ရှုထောင့်မှ ကြည့်လျှင် မုအ်မင်န်မှန်သမျှသည် ဂျေဟာဒ်ကို ဆင်နွှဲရန် အသင့်ပြင်ထားသော မူဂျာဟစ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ မုအ်မင်န်တိုင်းသည် ဂျေဟာဒ်၏ အမြင့်ဆုံးသော အဆင့်ဖြစ်သော စစ်မက်တိုက်ခိုက်ခြင်းအတွက် အသင့်ပြင်ထားရန် တာဝန်ရှိသည်။ ကျမ်းမြတ်ကုရ်အာန်သည် ဂျေဟာဒ်ကို မဆင်နွှဲသူတို့အား အချောင်သမား ဟု ဖော်ပြထားသည်။ ယင်းအချောင် သမားများနှင့် မူဂျာဟစ်တို့၏ ကွာဟချက်ကို ကျမ်းမြတ်ကုရ်အာန်က အောက်ပါအတိုင်း ရှင်းပြထားသည်။
“ကိုယ်လက်သန်စွမ်းပါလျှက် အချောင်ခိုနေသော အချောင်သမားများသည် အလ္လာ့ဟ် အရှင်မြတ်၏ လမ်းမပေါ်ဝယ် မားမားမတ်မတ်ရပ်တည်လှုပ်ရှားနေသော မုဂျာဟစ်တို့နှင့် မည်သို့မျှ ထပ်တူထပ်မျှ မဖြစ်နိုင်ပါ။ အလ္လာ့ဟ်အရှင်မြတ်သည် မူဂျာဟစ်တို့အား မြင့်သော အဆင့်တွင်ထား၍ အရှင်မြတ်ထံမှ ဆုလာဘ်တော်လည်း ရရှိပေမည်” (၄း၉၅)
ရည်မှန်းချက်အောင်မြင်ရေးအတွက် လှုပ်ရှားမှုကာလတွင် စွန့်လွှတ်မှုအလုံးစုံကို ပြုလုပ်ရ သည်လည်း ရှိသည်။ ယင်းသို့စွန့်လွှတ်ရာတွင် ဥစ္စာစည်းစိမ်သာမက သားမယားပင် စွန့်ခွာရ သည်လည်းရှိသည်။ တစ်ခါတစ်ရံ မိမိမွေးဖွားခဲ့သော မိခင်မြေကို စွန့်ခွာ၍ ရည်မှန်းချက် အောင်မြင်ရေးအတွက် အဝေးသို့လှုပ်ရှားသွားလာခြင်းကို ဟိဂျရသ်ပြုသည်ဟု ခေါ်သည်။ ယင်းသို့ ဟိဂျရသ်ပြုသောသူကို မုဟာဂျီရီးန်ဟူ၍လည်းခေါ်သည်။ စစ်ပြေး ဒုက္ခသည်များကို မုဟာဂျီရီန်ဟူ၍ခေါ်ဆိုကြသော်လည်း ဂျေဟာဒ်သည် စစ်မက်တိုက်ခိုက်ခြင်း သက်သက်ကို မခေါ်ဆိုသကဲ့သို့ ဟိဂျရသ်ပြုခြင်းသည်လည်း နိုင်ငံစွန့်လွှတ်၍ သက်သက်ထွက်ပြေးခြင်းကို မခေါ်ဆိုပါ။ သို့ဖြစ်၍ စစ်ပြေးတိုင်းသည်လည်း မုဟာဂျီရီးန်မဟုတ်သည်ကိုလည်း သတိပြု သင့်သည်။

ကျမ်းမြတ်ကုရ်အာန်သည် ဂျေဟာဒ်၏ အရေးပါပုံကို အောက်ပါအတိုင်းဖော်ပြထားသည်။
“အလ္လာ့ဟ်အရှင်မြတ်၏လမ်းစဉ်အတွက် ကြိုးစားပမ်းစားမှုထက် အသင်တို့သည် ဥစ္စာပစ္စည်း တို့ကို သာလွန်မက်မောမြတ်နိုးကြလျှင် အသင်တို့သည် “ဖာစိက်” သွေဖီရေးသမားသက်သက် သာလျှင် ဖြစ်မည်” (၉း၂၄)
ကျမ်းမြတ်ကုရ်အာန်သည် မုဟာဂျီရီးန်နှင့် မုဂျာဟီဒီးန်တို့မှာ တစ်ခုနှင့်တစ်ခု ခွဲခြားမရအောင် အမှီသဟဲပြုနေ ကြောင်းကို အောက်ပါအတိုင်းဖော်ပြထားသည်။
“မုဟာဂျီရီးန်များသည် သူတို့၏ ဥစ္စာပစ္စည်းတို့ကို စွန့်လွှတ်၍ ထွက်ခွာလာကြသကဲ့သို့ မုဂျာဟီဒီးန်တို့သည် သူတို့၏ အသက်၊ အိုးအိမ်၊ ပစ္စည်းကို အသုံးပြု၍ ကြိုးပမ်းကြသည်။ ယင်းသူတို့သာလျှင် အလ္လာ့ဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် သာလွန်မြင့်မြတ် အဖိုးတန် ပေသည်” (၉း၂၀)
“မှတ်သားကြလော့၊ မိမိအိုးအိမ်များစွန့်ခွာ၍ ဟိဂျရသ်ပြုခဲ့သော မုဟာဂျီရီးန်များ၊ မိမိဥစ္စာပစ္စည်း၊ အသက်အားဖြင့် ကြိုးပမ်းကြသော မုဂျာဟီဒီးန်များသာမက ယင်းသူတို့အား လက်ခံကူညီ ရိုင်းပင်းခဲ့ကြသော သူတို့သာလျှင် စစ်မှန်သော မုအ်မင်န်ယုံကြည် သူများဖြစ်ကြသည်” (၈း၇၄)
ယင်းအရေးပေါ်ကာလတွင် မပါဝင်သောသူတို့အား ကုရ်အာန်က အောက်ပါအတိုင်း ဆိုသည်။
“အကြင်သူသည် အစ္စလာမ်ကိုလက်ခံသည်မှန်လည်း ဟိဂျရသ်ကာလတွင် ဟိဂျရသ်မပြုခဲ့လျှင် ယင်းသူတို့အား ကာကွယ်စောင့်ရှောက်ရန်တာဝန်သည် အသင်တို့ အပေါ် တွင်မရှိချေ” (၈း၇၂)
လူသည် မိမိ၏ အသက်ကို အလွန်တန်ဖိုးထားလေ့ရှိသည်။ ဘ၀ရပ်တည်မှုအတွက် အသက်ရှူခြင်း၊ အိပ်ခြင်း၊ စားသောက်ခြင်း၊ မေထုန်မှုပြုခြင်းသက်သက်ကိုသာလျှင် ပြုလျှင် ယင်းဘ၀သည် တိရစ္ဆာန်ဘ၀ သက်သက် ဟုခေါ်ဆိုရပေမည်။ လူ၏ထူးခြားသောအချက်မှာ တိရစ္ဆာန် ထက် သာလွန်သော လူ့ဘ၀တာဝန်ကို ထမ်းဆောင် ရခြင်းပင်ဖြစ်သည်။ ယင်းလူ့ ဘ၀တာဝန်ကို ထမ်းဆောင်ရာတွင် စွန့်လွှတ်ခြင်းအမျိုးမျိုးကို စွန့်လွှတ် နိုင်စွမ်းရှိခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ယင်းစွန့်လွှတ်ခြင်းတွင် ဟိဂျရသ်ပြုခြင်းနှင့် ဂျီဟာဒ် တာဝန် ထမ်းဆောင်ခြင်းသည် အမြင့်မြတ်ဆုံးသော စွန့်လွှတ်ခြင်းဖြစ်ကြောင်း၊ သိထိုက်ပေသည်။ ကျမ်းမြတ်ကုရ်အာန်က မုအ်မင်တို့အား သေခြင်းကို မကြောက်ရန် သွန်သင်သည်။ ထိုမျှမက မုအ်မင်န်အမှန် တကယ်ဖြစ်လိုလျှင် သေခြင်းကို စိန်ခေါ်တမ်းတရန် ဆိုသည်။
ယင်းသို့သေခြင်းကို စိန်ခေါ်တမ်းတခြင်းသည် မုအ်မင်န်ကို ဆန်းစစ်ရာတွင် မှတ်ကျောက်ဖြစ် သည်။ ကျမ်းမြတ်ကုရ်အာန်က ကာဖိရ်တို့၏ ဘ၀ကို အောက်ပါအတိုင်းဖော်ပြထားသည်။
“ကာဖိရ်တို့၏အဖြစ်ကား၊ တိရစ္ဆာန်များကျင့်ကြံသကဲ့သို့ စားခြင်း၊ သောက်ခြင်းဖြင့် လောကစည်းစိမ်ကို မြူးတူးခံစားခြင်းသက်သက်ဖြစ်သည်” (၄၇း၁၂)
ဤနေရာတွင် မုအ်မင်န်၏ခံယူချက်ကို ကုရ်အာန်က -
“မုအ်မင်န်တို့သည် ဤလောက ဘ၀သာမက၊ သေခြင်း၏နောက်ကို လည်း စဉ်းစားကြသည်၊ သူတို့သည် အလ္လာ့ဟ်အရှင်မြတ်၏ လမ်းညွှန်ချက်ပေါ်တွင် မားမားမတ်မတ် ရပ်တည်ကြသည်၊ သူတို့သည်လျှင် အောင်မြင်သူဖြစ်သည်” ဟု ဆိုထားခြင်းဖြစ်သည်။
စစ်မှန်သော ယုံကြည်သူ မွစ်လင်မ်သည် သေခြင်းကို မကြောက်သည့်အပြင် သေခြင်းသဘော ကို စိန်ခေါ်လေ့ ရှိသည်။ ဤသို့သေခြင်းကိုမကြောက်ဘဲ အစ္စလာမ်အတွက် အသက်ကိုစွန့် နိုင်သူ၏ အရည်အချင်းကို ကုရ်အာန်က ရှဟာဒတ် ဟုဆိုထားသည်။ သို့ဖြစ်၍ ရှဟာဒတ် ခံယူသေဆုံးရသူကို ရှဟိဒ်ဟုခေါ်သည်။ ဤရှဟိဒ် အဖြစ်ခံယူ ရရှိခြင်းသည် အစ္စလာမ့် လူ့အဖွဲ့အစည်းတွင် အလွန်မြင့်မြတ်လှသည်။ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာ့ဟ်အရှင်မြတ် ကဆိုသည်။ ဤသို့မြင့်မြတ်သောအဆင့်သို့ရောက်ရှိရန် ဂျေဟာဒ်ပြုရမည်။ ဂျေဟာဒ်ပြုရန် ဟိဂျရသ်ပြုရပေမည်။ သို့ဖြစ်၍ ရှဟာဒဒ်၊ ဂျေဟာဒ်နှင့် ဟိဂျရသ်တို့သည် ခွဲခြားမရ၊ ဒွန်တွဲနေသည့်ကျင့်စဉ် ဖြစ်ကြောင်း သိသာနိုင်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အောက်ပါ လမ်းညွှန်ချက်ကိုလည်း သိထိုက်ပေသည်။
“အသင်တို့သည် ဂျန္နသ်သုခဘုံသို့ အလွယ်တကူဝင်ရောက်ခွင့်ရရှိမည်ဟု ထင်မှတ်ကြ သလော။ အသင်တို့အရှင်က လူသားမျိုးနွယ်တို့သည် ယင်းအဆင့်သို့ရောက်ရှိရန် ဘေးအန္တရာယ် မျိုးစုံနှင့် ဆင်းရဲဒုက္ခ အလုံးစုံကို ကြံ့ကြံ့ခံရပ်တည်တွန်းလှန်သည်သာမက တင်းကျပ်ဒုက္ခပေးမှုကို အဖက်ဖက်မှ ၀န်းရံခံခဲ့ရသည်။ ယင်းဒဏ်ကြောင့် နှလုံးပင်တုန်ခဲ့ရသည်။ ထိုအခါတမန်တော်ကိုယ်တိုင်က ကျွန်ုပ်တို့ကြိုးပမ်းမှု၏ ရလဒ်ကို ဘယ်သောအခါတွင် ရနိုင်မည်နည်းဟု ဆုတောင်းပေးခဲ့ရသည်။ ဤ၍ ဤမျှသော ခက်ခဲမှုကို တွန်းလှန်ပြီးမှသာ ချမ်းရိပ်ငြိမ်သို့ သူတို့ရောက်ခဲ့ရသည်” (၂း၂၁၄)
ကျမ်းမြတ်ကုရ်အာန်က မုဂျာဟစ်၏အရည်အချင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
“အလ္လာ့ဟ်အရှင်မြတ်၏ လမ်းမပေါ်တွင် လှုပ်ရှားခဲ့၍ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ကြုံခဲ့ရ၍ ဘေးဒုက္ခဒဏ် ကြောင့် ပင်ပန်းနွမ်းနယ်ခဲ့ရခြင်း၊ ရန်သူတို့၏ ဒေါသအဟုန်ကြောင့် နာကျင်ခံခဲ့ ရခြင်းသည် အလဟာသ မဖြစ်စေရပါ။ ယင်းကောင်းမြတ်သောလှုပ်ရှားမှုကို အလ္လာ့ဟ် အရှင်မြတ် ကမှတ်တမ်းတင်ထားပေသည်” (၉း၁၂၁-၁၂၂)
“မိမိတို့၏ ဥစ္စာ၊ ပစ္စည်း၊ အိုးအိမ်တို့ကို စွန့်လွှတ်၍ အရှင်မြတ်၏လမ်းစဉ်အတွက် ဟိဂျရသ်ပြုခဲ့သူတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိလာသောအခါ အာမခံချက်ရှိသော ဘ၀၏ ပျော်ရွှင်မှုကို ရရှိပေမည်။ အကယ်၍ ယင်းသူတို့သည်လှုပ်ရားမှုပြုရင်း လမ်းခုလပ်တွင် ကျဆုံးခဲ့လျှင်လည်း အလ္လာ့ဟ်အရှင်ထံမှ သူတို့အတွက် ခံစားရန် ဆုလာဒ်တော်များ ရှိပေသည်”(၄း၁၀၁)
“အလ္လာ့ဟ်အရှင်မြတ်၏လမ်းစဉ်၌ ကြိုးပမ်းရာတွင် တစ်ခါတစ်ရံစစ်ပွဲနှင့်ကြုံ၍ အသက်အန္တရာယ် ဖြစ်လာတတ်သည်။ တစ်ခါတစ်ရံငတ်မွတ်ခေါင်းပါးခြင်းနှင့် အသက်အိုးအိမ်၊ စည်းစိမ်ကို စွန့်လွှတ်ရသည်လည်း ရှိသည်။ တစ်ခါတစ်ရံ ကောက်ပဲသီးနှံများ ဆုံးရှုံးရ သည်လည်း ရှိသည်။ ဤသို့သောအန္တရာယ် ကျရောက်ချိန်တွင် ကြံ့ကြံ့ခံရပ်တည်၍ အန္တရာယ်ကို ရင်ဆိုင်အနိုင်ယူသူသာ လျှင် အောင်မြင်သူဖြစ်မည်။ အန္တရာယ်ကျရောက်ချိန်တွင် လမ်းလွှဲ၊ လမ်းမှားဘက်သို့ ထွက်ပေါက်မရှာဘဲ အရှင်မြတ်ထံတော်မှ လာရောက်ခဲ့ပြီး အရှင်မြတ် ဘက်သို့သာ ပြန်ရမည်ဟု ခံယူရင်ဆိုင်သူသာလျှင် အလ္လာ့ဟ်အရှင်မြတ်၏ ကောင်းချီး မင်္ဂလာကို လက်ခံရရှိမည့်သူဖြစ်သည်။ (၂း၁၅၅)
ဤနေရာတွင် ကုရ်အာန်က အယောင်ဆောင်မွစ်လင်မ်(၀ါ) မုနာဖိက်၏ လက္ခဏာကို အောက်ပါအတိုင်း ဖော်ပြထားသည်။
“မုအ်မင်န်စစ်မှန်သော ယုံကြည်သူတို့သည် ဂျေဟာဒ်တာဝန်နှင့် ပတ်သက်၍ အစဉ်အမြဲမျှော်လင့်စွာ ဖြင့် အသင့်ပြင်နားစွင့်လျက်ရှိနေကြသော်လည်း အယောင်ဆောင် မွစ်လင်မ် (၀ါ) မုနာဖိက်တို့ကမူ စစ်မက်ရေးရာ နှင့် ပတ်သက်၍ အလ္လာ့ဟ်အရှင်မြတ်ထံတော်မှ အမိန့်ကျရောက်လာလျှင် သူတို့သည် တမန်တော်မြတ်အား မူးလဲကျတော့မည်ကဲ့သို့ ကြောက်လန့်စွာ ငေးမောလျက် ရှိနေတတ်သည်” (၄၇း၂၁)

ကျမ်းမြတ်ကုရ်အာန်က စစ်မက်တိုက်ခိုက်ခြင်းကို ခွင့်ပြုခြင်းအကြောင်းကိုလည်း အောက်ပါ အတိုင်း ဖော်ပြထားသည်။
“မတရားသခြင့်ဖိနှိပ်ချုပ်ချယ်ခံရသူတို့အဖို့ ပြန်လည်ခုခံတိုက်ခိုက်ခွင့်ကို အလ္လာ့ဟ် အရှင်မြတ်က ခွင့်ပြုထားသည်။ ယင်းသူတို့သည် မုချအောင်မြင်မှုကို ရရှိမည်။ ယင်းသူတို့အား မတရားဖိနှိပ်၍ အိမ်၊ ယာမြေမှ နှင်ထုတ်ခံရခြင်းမှာ သူတို့သည် အလ္လာ့ဟ်အရှင်မြတ်အား လက်ခံခဲ့၍ ဖြစ်သည်” (၄၇း၂၀)
“အသင်တို့သည်အစ္စလာမ် လူ့အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ဖိနှိပ်ဒုက္ခပေး ခံနေရသော် အင်အားချည့်နဲ့သူတို့ဖြစ်သည့် ယောက်ျား၊ မိန်းမ၊ ရင်သွေးငယ်များ အတွက် အဘယ်ကြောင့် စစ်မတိုက်ဘဲ ကြည့်နေကြသနည်း၊ ယင်းဖိနှိပ်ခံဘ၀ ရောက် သူတို့သည် အလ္လာ့ဟ်အရှင်မြတ်ထံ ယင်းလူယုတ်မာတို့လက်မှ လွတ်မြောက်ရေးရ စေကြောင်း အသနားခံနေကြသည်” (၄း၇၅)

ဂျေဟာဒ်ကို လက်တွေ့ အဓိပ္ပာယ်ဖော်ရာတွင် မွစ်လင်မ်လူထုအဖွဲ့အစည်းဝင်တို့ ပထမဦးဆုံး ရင်ဆိုင်ခဲ့ရသော ဗဒရ်စစ်ပွဲသည် အကောင်းဆုံးသက်သေ သာဓကဖြစ်သည်။ မွစ်လင်မ်တို့ သည် ၁၃နှစ်တိတိ မက္ကာ့ဟ်မြို့တွင် ကာဖိရ်တို့၏ ဖိနှိပ်ဒုက္ခပေးမှုကို နည်းမျိုးစုံဖြင့် အလူးအလ ခံနေရသည်။ မဒီနာမြို့သို့ ဟိဂျရသ်ပြုခဲ့ရာတွင်လည်း သားတစ်ကွဲ၊ မယားတစ်ကွဲ၊ ဥစ္စာပစ္စည်း နှင့် အိမ်ရာမဲ့ခဲ့ရသော အထီးကျန်ဘ၀ဖြင့် လာရောက်ခဲ့ရသည်။ မွစ်လင်မ်တို့အား အကာ အကွယ်ပေးသော မဒီနာမြို့သား အန်ဆွာရီတို့သည်လည်း သူဌေးသူကြွယ်မဟုတ်၊ လယ်သမား လူတန်းစားများ သာဖြစ်သည်။ သို့ဖြစ်၍ မုဟာဂျီရိန်းတို့အား စားဝတ်နေ ရေးအဆင်ပြေမှုလောက်သာ ကူညီပေးနိုင်သော အဆင့်ရှိ သူဖြစ်သည်။ ဤသို့ လျှပ်တပြက် ထိုးစစ်ကို ခံရတော့မည့်အခြေအနေကြောင့် မွစ်လင်မ်တို့သည် တုန်လှုပ် ခဲ့ရသည်။ မွစ်လင်မ် တို့သည် ဇဝေဇ၀ါဖြစ်နေချိန်တွင် ကုရ်အာန်၏ အောက်ပါ လမ်းညွှန်ချက်သည် ရောက်ရှိ လာခဲ့သည်။
“အသက်ရှင်နေထိုင်ခွင့် အခွင့်အလမ်းရှိသူသည်လည်း တိကျသော အသက်ရှင်ခွင့် ရရှိရေး အတွက် သက်သေပြ၍ နေထိုင်လော့၊ အသက်ရှင်ခွင့်မရှိသောသူတို့သည်လည်း ထင်ရှား သော သက်သေသာဓကဖြင့် သေခြင်း၏ ရင်ခွင်သို့ ၀င်ရောက်လော့” (၈း၄၂)
ကုရ်အာန်သည် မွစ်လင်မ်လူ့အဖွဲ့အစည်းတို့အား စိုးရိမ်ကြောက်လန့် တုန်လှုပ်စွာ အသက်ရှင်နေ ထိုင်ခွင့်ကို အချည်းအနှီးဘ၀အဖြစ် ဖော်ပြသည်။ လူ့လောကတွင် အညဉ်းပန်းလည်းမခံနှင့်၊ ညဉ်းပန်းမှု လည်းမပြုနှင့် ဟုတားမြစ်သည်။ လွတ်လပ်သော ပတ်ဝန်းကျင်တွင်အသက်ရှင်နေထိုင်ခွင့်အတွက် ထင်ရှားသော လုပ်ဆောင်ချက်ဖြင့် အသက်ရှင်ခွင့်ကို ရှာကြံရမည်ကို ပြဆိုသည်။ ဤအတွက် အခွင့်အလမ်းကိုလည်း လမ်းညွှန်သည်။
“အသင်တို့သည်မိမိတို့ ၏ ကာကွယ်ရေး အတွက် ပြင်ဆင်မှုအဆင့်ဆင့်ကို ပြုထားကြလော့။ မိမိတို့ နယ်မြေကို အင်အားသုံး၍ စောင့်ရှောက်ကြလော့၊ သို့မှသာ အသင်တို့၏ ရန်သူနှင့် အလ္လာ့ဟ်၏ ရန်သူတို့သည် ကြောက်ရွံ့ ကြမည်။ သို့ဖြင့် အသင်တို့အား တိုကခိုက်ခြင်းမပြုမည်မဟုတ်” (၈း၆၀)

ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်“အလ်ဗလဒ်” သည် ဂျေဟာဒ်၏ ရည်ရွယ်ချက်ကို သိပ်သည်းစွာ ဖြင့် အောက်ပါအတိုင်းဖော်ပြထားသည်။
“အလ္လာ့ဟ်အရှင်မြတ်သည် လူသားတို့အား နှစ်ခုသောလမ်းကိုပြထားသည်။ တစ်ခုကား တစ်ကိုယ် ကောင်းသမားနှင့် လောကီဇိမ်ခံသူတို့၏ အချောင်ခိုသောလမ်း . . . .
ကျန်တစ်ခုကား မတ်စောက်သော တောင်ခါးပန်းသို့ တတ်လှမ်းရသောလမ်း၊ ယင်းလမ်းကြောင်းသည် ခက်ခဲပင်ပန်းရသည်မှန်သော်လည်း ခြေလှမ်းလှမ်း လှမ်းတိုင်းမြင့်မားသော အဆင့်သို့ ရောက်သည့် နည်းတူပင် ယင်းလမ်းကား . . .
၁) . အချုပ်ချယ်ခံနေရသောသူတို့အားလွတ်လပ်ခွင့်အတွက်ကြိုးပမ်းခြင်း။
၂) . ငတ်ပြတ်ဒုက္ခရောက်နေသော သူတို့အား အစာဖူလုံမှုအတွက်လည်း ကြိုးပမ်းခြင်း။
၃) . လူ့အဖွဲကအစည်းအချင်းချင်း ဒုက္ခရောက်နေရသော ခိုကိုးရာမဲ့တို့အရေးကိုဖြေရှင်းပေးခြင်း။
၎) . အလုပ်ကိုကြိုးစားပမ်းစားလုပ်နေပါလျက် ပြည့်ဝသော လူ့အခွင့်အရေးကိုမရကြသူတို့အား ကယ်တင်ခြင်း”
(၉း၁-၁၆)

ဖော်ပြပါအချက်တို့ကိုအောက်ပါအတိုင်းပြပြန်သည်။
“အလ္လာ့ဟ်အရှင်မြတ်သည် လူ့အဖွဲ့အစည်းတစ်ရပ်အားဖိနှိပ်ဒုက္ခပေးနေသော လူယုတ်မာ တို့အား တားဆီးတွန်းလှန်ခြင်းမပြုဘဲ လျစ်လျူရှုခဲ့လျှင် ဤကမ္ဘာလောကကြီးသည် ဒုစရိုက်သမားတို့၏ လုပ်ရပ်ကြောင့် မှောင်မိုက်သွားလိမ့်မည်”(၂း၂၅၁)
“အသင်တို့သည် ယင်းလူယုတ်မာတို့အား တိုက်ခိုက်ကြလော့။ အလ္လာ့ဟ်အရှင်မြတ်သည် အသင်တို့အားဖြင့် ယင်းလူတို့အား
ဒဏ်ခတ်တော်မူသည်။”(၉း၁၄)
ကုရ်အာန်ကလမ်းညွှန်သော လူ့အဖွဲ့အစည်းတွင် စစ်နှင့် ပတ်သက်သော စည်းကမ်းချက်များ -

  1. အသင်တို့အား စစ်မက်တိုက်ခိုက်သူတို့အား ပြန်လည်တိုက်ခိုက်ရင်ဆိုင်ချေမှုန်းလော့၊ သို့ရာတွင် စစ်ကို ကျူးလွန်သောအခြေအနေ မရောက်ပါစေနှင့်၊ အကန့် အ သတ်ဖြင့်ပြုကြ လော့။ (၂း၁၉၀)
  2. စစ်ဖြစ်သော ဒေသတွင် စစ်နှင့်မပတ်သက်သော လယ်ယာပစ္စည်းများ၊ လူနေဒေ သများကို ဖျက်ဆီးခြင်း မပြုပါနှင့်၊ ယင်းသည် အချည်းအနှီး သောပျက်စီးမှု ကိုဖြစ် စေသည်။ ယင်းအပြုအမူကို အလ္လာ့ဟ်အရှင် မကြိုက်မနှစ်သက်ချေ။ (၂း၂၀၅)
  3. သိမ်းပိုက်မိသော နယ်မြေကိုဖျက်ဆီးခြင်းလည်းမပြုလေနှင့် ထိုဒေသရှိအပြစ်မဲ့ သောပြည် သူတို့အား အရှက်တကွဲ နှိပ်စက်ခြင်းလည်းမပြုပါနှင့် (၂၇း၃၄)
  4. စစ်တိုက်ခိုက်သောကာလအတွင်း စစ်မဲ့ရက်အချို့နှင့် နေရာအချို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပါ။ ဤသို့ဖြစ် စစ်မဲ့ကာလတွင် စစ်နှင့်ပတ်သက်၍သုံးသပ်မှုပြုနိုင်မည်။ ငြိမ်းချမ်း ရေးအတွက် ပြင်ဆင်မှုလည်း ပြုနိုင်မည်။ ထို့အတူ စစ်မဲ့ဇုန်ဒေသတွင် အပြစ် ကင်းစင်သော ပြည်သူတို့အား ခိုလှုံခွင့် ပြုနိုင်သည်။ (၂း၂၁၇)
  5. ရန်သူတို့က ငြိမ်းချမ်းရေးအတွက် လက်ဆင့်ကမ်းလာလျှင် အသင်တို့သည် လက်ဆင့် ကမ်းပါ၊ သို့ရာတွင် သတိဝိရိယရှိစွာဖြင့် ရန်သူကို အကဲခတ်ပါ။ (၈း၆၁)
  6. လူမျိုးတစ်မျိုးအား မုန်းတီးမှုသည် ယင်းသူတို့အား မတရားသဖြင့် ဖိနှိပ်ရန်သွေး ဆောင်မှု မဖြစ်ပါစေနှင့်၊ တရားနည်းလမ်းမှန်ဖြင့် ပြုကြလော့။ အကြောင်းမူ အသင် တို့သည် ဖြောင့်မတ်သူများဖြစ်၍ ဖြောင့်မတ်သူတို့၏ နည်းလမ်းသည် ဤသို့ဖြစ်သည်။ (၅း၈)
  7. စစ်သုံ့ပန်းတို့အား လျော်ကြေးယူ၍လည်းကောင်း၊ မယူဘဲလည်းကောင်း လွှတ်လော့၊ ရန်သူဘက်သား တို့ခိုလှုံခွင့်တောင်းခံလျှင် လက်ခံလော့၊ ယင်းသူတို့အား ကုရ်အာန်၏ လမ်းညွှန်ချက်ကို ရှင်းပြလော့၊ သူတို့သည် နေရပ်ဌာနသို့ ပြန်လိုလျှင်လည်း ပြန် ခွင့်ပြုလော့။ (၄၇း၎)
  8. ရန်သူတို့နှင့်တကွ အခြားသူတို့နှင့် ချုပ်ဆိုထားသော စာချုပ်ကို လေးစားမှုပြုရန် ကုရ်အာန် (၅း၁) တွင် အတိအလင်းဖော်ပြထားသည်။ ရန်သူတို့သည် ချုပ်ဆိုထား သော စာချုပ်နောက်ကွယ်တွင် မကောင်းသော အပြုအမူကိုပြုလုပ်လာလျှင် ယင်း မကောင်းမှုကို မကောင်းမှုနှင့် မတုန့်ပြန်နှင့်၊ သူတို့ ချုပ်ဆိုသော စာချုပ်ကို ပြန်လည် ရုတ်သိမ်းလိုက်ခြင်းသည် အကောာင်းဆုံးဖြစ်သည်။ (၈း၅၈)
  9. စစ်မက်လိုလားသော အုပ်စု၏ အင်အားကို လုံးဝချိနဲ့သွားအောင်ပြုရခြင်းမှာ ယင်းသူ တို့ နောက်ထပ် မတရားသဖြင့် မပြုကျင့်ရန်ဖြစ်သည်။ (၄၇း၎)
10. အသင်တို့သည် ရန်သူ၏ထိုးနှက်ခြင်းကို ခံခဲ့ရလျှင်လည်း စိတ်ဓါတ်ကျခြင်းမရှိဘဲ ယင်းထိုးနှက်ခြင်း၏ ဇစ်မြစ်ကို ရှာဖွေလော့။ (၃း၁၃၉)
11. အသင်တို့သည် ရန်သူအားကျောပေး၍ ထွက်ပြေးခြင်းမပြုနှင့်၊ ယင်းသူတို့အပေါ် အလ္လာ့ဟ် အရှင်မြတ် ထံမှ ဘေးဒုက္ခများ ကျရောက်မည်။ သို့ဖြင့် ဆုံးရှုံးမှုအတွင်း ရောက် ရှိမည်။ (၈း၁၅-၁၆)

မွစ်လင်မ်လူ့အဖွဲ့အစည်းဝင်တို့အား ကုရ်အာန်၏ သတိပေးချက် -
“အို- ယုံကြည်သူအပေါင်းတို့ သင်တို့သည် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်း အရလည်းကောင်း၊ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာလျှင် ကျရောက်လာသော ဘေးရန်ကို တွန်းလှန်ရန် ကြိုးပမ်းလော့၊ ယုံကြည်ခြင်းအရာတွင်ခိုင်မြဲကြလော့၊ အရှင်မြတ်၏တာဝန်ကို တသွေမတိမ်းထမ်းဆောင်လော့။ သို့မှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မည်။ (၁း၁၉၉)

ရှဟီဒီ၏အဆင့်

“အမှန်သော်ကား အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များ ကိုလည်းကောင်း၊ ရစူလ်ကိုယ်တော်မြတ်(ဆါ)၏ အမိန့်တော်များကို လည်းကောင်း လိုက်နာအံ့၊ ယင်းကဲ့သို့သော သူတို့သည် အလ္လာ့ဟ်အရှင်မြတ်ကျေးဇူးတော်ပြုသော နဗီတမန်တော်များ ဆွစ်ဒီက်တိကျမှန်ကန်စွာ ပြောဆိုဆောင်ရွက် သူများ၊ “ရှဟိဒ်” အလ္လာ့ဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်ဇီဝိန်ကို စွန့်လှူသူများ၊ “ဆွာလိဟ်” သူတော်စဉ် သူတော်ကောင်း များနှင့် အတူတကွ ရှိကြလတ္တံ၊ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြန်လှစွာသော မိတ်သဟာယ အဖော်အဖက်များ ဖြစ်ကြပေသနည်း” (၄း၆၉)

အဆိုပါပုဂ္ဂိုလ်များအနက်မှ ရှဟီဒီ အလ္လာ့ဟ်အရှင်မြတ်လမ်းတော်၌ ကြိုးပမ်းအားထုတ်သူများ အသက်ဇီဝိန်ကို စွန့်လှူသူများနှင့် ပတ်သက်၍ အလွန်ထူးခြားသည့် အဆင့်အတန်းများ ရှိကြောင်း ကိုလည်း ကုရ်အာန် ကျမ်းမြတ်၌ ဖော်ပြထား၏။
“ထို့ပြင်တ၀ (အို-မွစ်လင်မ်အပေါင်းတို့) အသင်တို့သည် အလ္လာ့ဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ဖြတ်ခံရသူတို့ကို လူသေများဟု မပြောဆိုကြကုန်လင့်။ (ယင်းသူတို့သည် လူသေများ) အလျဉ်းမဟုတ်၊ စင်စစ်မှာမူထိုသူတို့သည် အလ္လာ့ဟ်အရှင်မြတ်၏ ထံတော်၌ အသက်ရှင် လျှက် ပင်ရှိကြလေ၏။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆ ဆင်ခြင် မသိမမြင်နိုင်ကြချေ။” (၂း၁၅၄)

သာသနာ့အာဇာနည်တို့သည် ခေတ်အဆက်ဆက်၌ ပေါ်ထွန်းမည်ဖြစ်ပြီး အဆိုပါသာသနာ့ အာဇာနည်လောင်း အလျာတို့သည် မြင့်မြတ်သည့် အဆင့်အတန်းကို ရရှိမည့် အကြောင်း ကိုလည်း ကျမ်းတော်မြတ်ဤ ဆိုထား၏။
“၄င်းအပြင် (အိုနဗီတမန်တော်) အသင်သည် အလ္လာ့ဟ်အရှင်မြတ်၏ တရားလမ်း တော်၌ (စစ်တိုက်စဉ်) အသတ်ခံရသော သူတို့ကို သူသေများဟူ၍ အလျဉ်းမထင်မှတ်လေနှင့်။ (ထိုသူတို့ကား သူသေများ) အလျဉ်းမဟုတ်၊ စစ်စစ်မှာကား ထိုသူများသည် ၄င်းတို့၏ အရှင်မြတ် ထံတော်ဝယ် အသက်ရှင်နေသော သူများပင် ဖြစ်ကြသည့်အပြင် (အလ္လာ့ဟ် အရှင်မြတ်၏) ကျွေးမွေးခြင်းကိုလည်း ခံကြရကုန် ၏။” (၃း၁၆၉)
“ထိုသူတို့သည် ၄င်းတို့အား အလ္လာ့ဟ်အရှင်မြတ်က မိမိစည်းစိမ်ချမ်းသာ အကျိုးကျေးဇူး တော်ကို ချီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်းအားရ ရွှင်လမ်းလျက်ရှိကြ သည်သာမက မိမိတို့နောက်၌ (ကျန်ခဲ့သော) မိမိတို့နှင့် လာရောက်တွေ့ဆုံ ပူးပေါင်းခြင်းမရှိ သေးသော သူတို့နှင့် ပတ်သက်၍လည်း ၀မ်းမြောက် ၀မ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်း တစ်မူကား ထို(ကျန်ရစ်သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြသောအခါ) မည်သို့မျှ စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိကြောင့်ပင်တည်း။” (၃း၁၇၀)

ကုရ်အာန်ကျမ်းတော်မြတ် အလင်းပြကျမ်း၌ ရှဟိဒ် ဟူသည်မှာ အမြဲတစေ အသက်နှင့်ပင် အရှင့်ထံတော်ပါး၌ ရှင်နေကြကုန်သော ပုဂ္ဂိုလ်တို့အားခေါ်ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုထား၏။ ၄င်းအပြင် “ရှဟီဒီများ အသက် ရှင်လျှက်ရှိကြကုန်၏” ဟု မိန့်ဆိုထားခြင်း၏ သဘောမှာ “အခွင့်အရေးအားဖြင့် ရှင်သူများကဲ့သို့ပင် ဖြစ်ကြကုန်၏၊ အကျင့်သီလများ၏ ကုသိုလ် အကျိုး သည်လည်းပြတ်ဆဲသည် မရှိပေ” စသည်ဖြင့် အကျယ်တ၀င့် ဖွင့်ဆိုထားကြောင်း တွေ့ရ၏။
အတိတ်ခေတ်ရှိမြောက်မြားစွာ သုခမိန်တို့၏ ယူဆချက်မှာ ထိုရှင်ခြင်းသည် ဥပစာမဟုတ်၊ မုချဖြစ်သည်(၀ါ) ရုပ်နှင့် နာမ်ပေါင်းစပ်လျက်ရှိသော ရှင်ခြင်းမျိုးဖြစ်သည်။ အချို့ပညာရှင်တို့၏ ယူဆချက်မှာ ထိုရှင်ခြင်းသည် နာမ်သဘောအားဖြင့်သာဖြစ်သည်။
စစ်နှင့် ငြိမ်းချမ်းရေး

အစ္စလာမ်သည် မျက်ကန်းစစ် ဆန့်ကျင်ရေးဝါဒနှင့် မျက်ကန်းငြိမ်းချမ်းရေးဝါဒ (Blind Pacifism) ကို မပြညွှန်ပါ။ အကြမ်းဖက်ဝါဒကို စွန့်လွှတ်လာရေးအတွက် စစ်ရေးအရ ဖြေရှင်း ရန် တာဝန်ရှိကြောင်းကို ပြဆိုထားပါသည်။
“စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို အသင်တို့က ရွံရှာစက်ဆုပ်လေငြားလည်း အသင် တို့အတွက် ဖရာဇ်အဖြစ် ပြဌာန်းထားသည်။ သို့သော် အသင်တို့ စက်ဆုပ်ရွံမုန်းရာတွင် အသင် တို့အတွက် အကောင်း ဖြစ်ရာ တန်၏။ အလားတူ အသင်တို့နှစ်သက်နေရာ တစ်စုံတစ်ရာက အသင်တို့အဖို့ အဆိုးဖြစ်တန်ရာလည်း ရှိ၏။ အလ္လာ့ဟ်ကား သိတော်မူပြီး အသင်တို့သည်ကား သိနားလည်ကြသည်မဟုတ်ချေ” (၂း၂၁၆)

ဘာသာတရားတွင် အဓမ္မမှုကို အစ္စလာမ်က မလိုလားချေ။ ဤအတွက်ကြောင့်ပင် မွစ်လင်မ် တစ်ဦးသည် ဤအလ္လာဟ်အပေါ် လွတ်လပ်စွာ ယုံကြည်ချက် ကိုးကွယ်မှုဟူသော လူ့အခွင့် အရေးကို ကာကွယ်စောင့်ထိန်းဖို့ လိုသည်။ ဤကိစ္စနှင့် ပတ်သက်လာပါက အနုနည်းနှင့် မရပါက အကြမ်းနည်းဖြင့် ရက်ဆိုင်ကြရပါသည်။

ကုရ်အာန်က စစ်ကို ခွင့်ပြုထားရုံမက တာဝန်အဖြစ်ကို ပြဌာန်းထားသည်ကို သတိချပ်ရာ၏။ ဤနေရာ၌ “ဘာသာရေးအရ ချုပ်ချယ်လာလျှင်၊ မတရားဖိစီးညဉ်းပမ်းမှုရှိလာလျှင် စစ်ရေးအရ ရင် ဆိုင်ကြ” ဟုဆိုထားပြီး၊ နိုင်ငံရေးသြဇာတည်ဆောက်ရန်၊ စီးပွားရေးအရ သြဇာယူရန်၊ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးရန်နှင့် သဘာဝ သယံဇာတအရင်းအမြစ်များကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားရန်တို့ကို ခွင့်မပြုထားချေ။ ကုရ်အာန် (၄း၇၅) တွင် မြို့ရွာဒေသတစ်ခုတါင် အားမသန်သော အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်တို့အား မတရားနှိပ်စက် ညဉ်းပန်းခံနေရပါက သူတို့အား အကာအကွယ်ပေးမည့် မိတ်ဆွေကို ရရှိရေးနှင့် ခုခံကာကွယ် ပေးမည့်သူများ ရှိလာရေးကို ဆုပန်လာသူများအတွက် အလ္လာ့ဟ်လမ်း၌ “စစ်မက် ရင်ဆိုင်တိုက်ကြ” ဟု ဆိုထားပေသည်။ ဤအာယသ်တော်အရ မွစ်လင်မ်တို့တွင် အဖိနှိပ် ညဉ်းပန်း ခံ အမျိုးသားများအတွက် တိုက်ပွဲ ၀င်ကြခြင်းကို “အလ္လာ့ဟ်လမ်း၌ တိုက်ပွဲဝင်ခြင်း” ဟု ကုရ်အာန်က ဆိုထားသည်။ လောကီရေးရာသက်သက် အတွက် စစ်ရေးဆင်နွှဲခြင်းကိုမူ အစ္စလာမ်က လုံးဝ တားမြစ်ထားချေ၏။

ငြိမ်းချမ်းရေးကို စောင့်ထိန်းကာကွယ်ရာတွင် အလ္လာ့ဟ်ရှင်အပေါ် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်က ရှိရမည်ဖြစ်သည်။ ကမ္ဘာမြေပျက်စီးရာ ပျက်စီးကြောင်းအတွက် စစ်မက်ပြုကြ သူတို့ကို ကုရ်အာန် (၅း၃၃) အရ သေဒဏ်နှင့် ပြည်နှင်ဒဏ်အထိ ကြီးလေးသော ပြစ်ဒဏ် ပေးကြ ဟုဆိုထားသည်။ ဤသို့သော စစ်မျိုးကို တားဆီးကြရမည်။ ငြိမ်းချမ်ရေး ကိုဝစီကံ အရသာမက၊ ရရာနည်းလမ်းစုံနှင့် ကြိုးပမ်းဖို့ ကုရ်အာန်က ဆိုထားသည်။ အကြမ်းဖက် သူများနှင့် မတရားကျူးလွန်ကြသူများအတွက် တတ်စွမ်းသမျှ အင်အားကို လည်းကောင်း၊ မြင်းများကိုလည်းကောင်း၊ ရန်သူတို့ ကြောက်လန့်သွားအောင် ပြင်ဆင်ထားကြဟု (၈း၆၀)တွင် ဆိုထားသည်။ ပိဋိညာဉ်ချုပ်ခြင်းဖြင့် စစ်ရေးအရ မတိုက်ခိုက်ရလေအောင်လည်း ကုရ်အာန်၏ နေရာများစွာတွင် ညွှန်ကြားထားသေးသည်။

နိဂုံးချုပ် ဆိုရပါသော် ဘာသာတရားတွင် အဓမ္မမှု ရှိလာခဲ့လျှင် -
© မတရား ညဉ်းပမ်း ဖိစီးနှိပ်စက်မှုမှ ကာကွယ်ရန်၊
© ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် ရပ်တည်ရန်။
© မသမာသည့် အမှုများတွင် လက်နက်စွဲကိုင်လာမှုကို ဟန့်တားရန်။
© ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးပမ်းမှုအဖြစ် ဂျေဟာဒ်ကို ဆင်နွှဲရာ၏။
© ကိုယ်ကစပြီး တိုက်ခိုက်ခြင်းအား တားမြစ်ထားပြီး၊ ကိုယ့်ကိုကိုယ် ကာကွယ်ရန် အရေးကိုမူ အစ္စလာမ်က ခွင့်ပြုထားရုံမက၊ ရနိုင်သမျှ နည်းလမ်းစုံသုံးပြီး ငြိမ်းချမ်းရေးကို ရယူနိုင်ရန်လည်း ဆိုထားပါသည်။

Posted by Hay San





No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။