Merriam-Webster Dictionary ကတော့ ဒီလိုဆိုပါတယ်။
Muslim – an adherent of Islamဆိုလိုတာက မွတ်စလင်ဆိုတာ အစ္စလာမ်ဘာသာဝင်ကို ပြောတာပါ။ လူမျိုးတစ်ခုမဟုတ်ပါဘူး။ မွတ်စလင်လူမျိုးဆိုပြီး မရှိပါဘူး။ အခုဟာက မွတ်စလင်လို့ပြောလိုက်ရင် ကုလားဆိုပြီး မြင်ကြ၊ ပြောကြပါတယ်။ ကုလားထဲမယ် ဟိန္ဒူလည်းရှိတာပဲ။ ခရစ်ယာန်လည်းရှိတာပဲ။ ဗုဒ္ဒဘာသာလည်းရှိပါ့ဗျား။ လူမျိုးနဲ့ဘာသာကို မကွဲပြားဘဲနဲ့ ဖင်ပိတ်ဆန့်ကျင်နေတာ ဆိုးပါသည်။ မွတ်စလင်တွေထဲမှာ ဗမာလူမျိုး၊ အမေရိကန်လူမျိုး၊ တရုတ်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ ရှမ်းလူမျိုးတွေ စသဖြင့် ပါတာပါပဲ။
Islam – the religious faith of Muslims including belief in Allah as the sole deity and in Muhammad as his prophet
Cambridge Advanced Learner’s Dictionary ထဲမှာတော့
Muslim – a person who follows the religion of Islam
ဟိုတလောကလည်း ရမ်းဗြဲမှာ လူသတ်ပြီးမုဒိမ်းကျင့်လို့ဆိုလား။ တရားခံတွေကို မွတ်စလင်ကုလားများဆိုပြီး ဖေ့ဘွတ်မှာ တွေ့လိုက်ရပါတယ်။ မွတ်စလင်မှ အဲလိုလုပ်တတ်တာလားဆိုတာ မေးပါရစေ။ အခြားဘာသာကိုးကွယ်ပါတယ်ဆိုသူတွေထဲမှာရော မုဒိမ်းကျင့်ပြီးလူသတ်တဲ့သူ မရှိဘူးပေါ့။ အဲလိုလားခင်ဗျာ။ အဲလိုပြစ်မှုလုပ်တယ်ဆိုတာဟာ လူတစ်ဦးချင်းစီနဲ့ပဲ ဆိုင်တာဟုတ်ဘူးလား။ ဘယ်ဘာသာမှာ လူသတ်၊မုဒိမ်းကျင့်တာ ကောင်းပါတယ်၊ ပျော်ပျော်ကြီး ကျူးလွန်ကြလော့လို့ ပါသတုန်း။ အဲဒါကို ခုလိုလုပ်တယ်ဆိုတော့ မီးရှို့တာပဲပေါ့။
အခုလည်း ရခိုင်မှာလူသတ်မှုဖြစ်ပြန်ပါပြီ။ မွတ်စလင်တွေ အသတ်ခံရတာလို့လည်း သိရပါတယ်။ အဲဒီလူသတ်တရားခံများဟာ ဘယ်သူတွေပါလိမ့်။ ဘာသာမဲ့တွေများလား။ မဟုတ်လောက်ပါဘူးနော့။ အင်မတန်ရှုံ့ချပြစ်တင်စရာကောင်းပါတယ်။ လွတ်လပ်စွာဆဲဆိုခွင့်နဲ့ လွတ်လပ်စွာ လူသတ်ခွင့်ရသွားပြီလားဗျာ။ တစ်ဒီတည်းဒီနေတဲ့ ဒီမိုကရေစီဆိုတာကြီး တဖြည်းဖြည်းရလာပြီလေ။ ဘယ်မလဲ အဲ့ဒါနဲ့တန်တဲ့ နေထိုင်ပြုမူပုံ။ Democratic Culture ဘယ်မှာပါလိမ့်။
ဟိုဟာလေဗျာ။ ဘာတဲ့။ ပြည်သူတွေအတွက်အကျိုးမရှိတဲ့ဟာတွေပါလို့ ပြင်ရမယ်ဆိုတဲ့ စာအုပ်ကြီး။ အခုခေတ်က အဲ့ဒီစာအုပ်ကြီးအတိုင်း အုပ်ချုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ဆိုတဲ့ထဲမှာ အခုလိုရေးထားသဗျ။
ပုဒ်မ ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဒဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။
၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။
၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။
၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။
အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် လူတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုတာ သိနိုင်ပါသည်။ ကိုယ်ကိုးကွယ်တဲ့ဘာသာကလွဲပြီး အခြားဘာသာတွေကို ဟာသလုပ်နေမယ်ဆိုရင် သောက်ပေါပဲ။ မကိုးကွယ်ချင်နေပေါ့။ ကိုယ်ကြိုက်တာကိုယ်ကိုးကွယ်ပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ဘုရား ကိုယ်ရှိခိုးပေါ့။ ရှင်းနေတာကို ရှုပ်အောင်မလုပ်ကြပါနဲ့။ အစိုးရကိုကျတော့ ဟိုဟာလုပ်ပေးဦး၊ ဒီဟာလုပ်ပေးဦးဆိုပြီး ဇွတ်အတင်းပူဆာ၊ ကိုယ့်ဘက်ကတော့ စည်းကမ်းရှိအောင် မလုပ်ကြ။ ပူဆာတာတော့ ပူဆာရမှာပေါ့ဗျာ။ ကိုယ့်ဟာကိုယ်လည်း ထိန်းထိန်းသိမ်းသိမ်းနေကြပါဦး။ အားတိုင်းယားတိုင်း ဆူပူချင်တာမကောင်းပါဘူး။ တစ်ယောက်တစ်လှည့် သတ်နေကြရင် အေးအေးဆေးဆေး ဘယ်နေရပါ့မလဲ။
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။