Pages

Sunday, March 25, 2012

ရိုဟင်ဂျာများ သေရေးရှင်ရေး အကြပ်အတည်း နှင့် ကြုံနေဟု CSW ကပြော

 

နယူးဒေလီ။ ။ ရက်စက် ကြမ်းကြုတ်လှသည့် မြန်မာစစ်အစိုးရ လက်အောက်မှ ထွက်ပြေး လွတ်မြောက် လာခဲ့သော်လည်း ရာနှင့်ချီသော လူနည်းစု မြန်မာမူဆလင်များသည် ဘင်္ဂလာဒေ့ရှ် မြန်မာနယ်စပ်၌ ခိုလှုံနေကြရာ၌ သေရေး ရှင်ရေး ဘေးကျပ်နံကျပ် အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်ဟု ခရစ်ယာန် အဖွဲ့အစည်း တခုဖြစ်သော 'Christian Solidarity Worldwide' (CSW) က ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် လူနည်းစု လူမျိုးစု တခုဖြစ်သည့် ရိုဟင်ဂျာ မူဆလင်များသည် စစ်အစိုးရ၏ ကြောက်မက် ထိတ်လန့်ဘွယ် ဖိနှိပ်မှုကို ခံနေကြရသည်ဟု ယမန်နေ့က ထုတ်ပြန်လိုက်သော “ပျောက်ကွယ်လု ဖြစ်နေသည့် လူမျိုးတမျိုး” အမည်ရှိ အစီရင်ခံစာ အသစ်တခုတွင် ဖေါ်ပြထားပါသည်။
 
 


ဤအစီရခံစာကို မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်သို့ သွားရောက်ခဲ့သည့် CSW ကိုယ်စားလှယ် အဖွဲ့တခု၏ ၅ ရက် ကြာ အချက်အလက်ရှာဖွေရေး ခရီးစဉ်တွင် ရရှိခဲ့သော အချက်အလက်များကို အခြေခံ၍ ပြုစု ရေးသားထားခြင်း ဖြစ်ပါသည်။ နယ်စပ်တလျှောက် နေထိုင်ကြသော အသိအမှတ်ပြု မှတ်ပုံတင်ခြင်း မခံရသေးသည့် ရိုဟင်ဂျာများ၏ သေရေးရှင်ရေး ဘေးကျပ်နံကျပ် အခြေအနေများနှင့် မြန်မာစစ်တပ်မှ ထွက်ပြေးလာခဲ့သော စစ်ပြေးများ၏ ကိုယ်တိုင် ပြောပြချက်များကို ဤအစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားပါသည်။

“အခြေအနေက သိပ်ဆိုးပါတယ်။ ရိုဟင်ဂျာတွေ နေရထိုင်ရတာလဲ အလွန် ဆင်းရဲပါတယ် အထူးသဖြင့် ယာယီစခန်းတွေမှာ နေရတဲ့သူတွေပါ” ဟု CSW ၏ တောင်အာရှဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး အရာရှိ ဘဲနဲဒစ်ရော်ဂျာ (Benedict Roger) က ပြောဆိုသွားခဲ့ပါသည်။

စစ်အစိုးရ လက်အောက်တွင် ရိုဟင်ဂျာ လူနည်းစုများ နိုင်ငံသား အပြည့်အဝ ရပိုင်ခွင့်ကို ငြင်းပယ်ထားကြောင်း၊ သူတို့၏ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကိုလည်း အကြီးအကျယ် ကန့်သတ် ချုပ်ချယ်ထားကြောင်း၊ ရိုဟင်ဂျာ လူမျိုးများ လက်ထပ်လျှင် အာဏာပိုင်များထံမှ ကြိုတင်ခွင့်ပြုချက် ရယူရကြောင်းဖြင့် အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားပါသည်။

ရိုဟင်ဂျာ လူမျိုးများ သူတို့၏ ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု ကိစ္စများ ဆောင်ရွက်ရာတွင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရဘဲ ကန့်သတ် ချုပ်ချယ်မှုများ ရှိနေပြီး၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ မုဒိမ်းကျင့်ခြင်း၊ မြေများ သိမ်းယူခြင်း၊ ထင်သလို ဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဥပဒေပြင်ပတွင် သတ်ဖြတ်ခြင်းနှင့် အပျောက်ရှင်းခြင်း များမှာလည်း ကျယ်ကျယ်ပြန့်ပြန့် နေရာတိုင်းတွင် တွေ့နေရသည်ဟု ဆိုပါသည်။

“စစ်အစိုးရက ကျနော်တို့ကို လူမျိုးနာမည်ပါ ပျောက်အောင် လုပ်နေတာ၊ သိပ်မကြာတော့ဘူး၊ အဲဒီမှာ ကျနော်တို့ လူမျိုးတွေ ရှိတော့မှာ မဟုတ်ဘူး။ ကျနော်တို့ အဓိက ပူပန်နေတာက လူမျိုး ပျောက်မသွားဘို့ပါဘဲ၊ ကျနော်တို့ဟာ ပျောက်ကွယ်သွားတော့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေပါ” ဟု ရိုဟင်ဂျာ လူမျိုးတဦး၏ စကားကို ကိုးကားကာ အစီရင်ခံစာက ရေးသား ဖေါ်ပြထားပါသည်။

ဤအစီရင်ခံစာတွင် နစက ဟု သိကြသည့် မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့မှ ထွက်ပြေးလာသည့် စစ်ပြေးများနှင့် တွေ့ဆုံ မေးမြန်းခန်းများကိုလည်း ဖေါ်ပြထားပါသည်။ သူတို့ တပ်ဖွဲ့များက ရိုဟင်ဂျာ လူနည်းစုများကို မည်သို့မည်ပုံ စနစ်တကျ နှိပ်စက်ညှဉ်းပန်းနေသည် ဆိုသည်ကိုလည်း ယင်းတို့က ရှင်းလင်း ပြောပြထားပါသည်။

“ကျနော် နစကမှာ နေခဲ့တဲ့တလျှောက်လုံး ကျနော်က ဒီစနစ်နဲ့ အသားကျနေပြီ၊ မူဆလင်တွေကို ဖမ်းမယ်၊ ပိုက်ဆံ တောင်းမယ်၊ နှိပ်စက်မယ်၊ ဒါနေ့တိုင်း ကျနော်တို့ လုပ်နေတာဘဲ။ ကျနော်တို့ မူဆလင်တွေဘဲ ရွေးဖမ်းပါတယ်၊ ရခိုင်တွေကို မဖမ်းပါဘူး” ဟု CSW က စစ်ပြေးတဦးကို ကိုးကားရေးသား တင်ပြထားပါသည်။

ဤသို့ဖိနှိပ်မှုနှင့် နှိပ်စက်မှုများကြောင့် ရိုဟင်ဂျာများ ထောင်ပေါင်းများစွာ မြန်မာနိုင်ငံမှ ထွက်ပြေး၍ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြပါသည်။ သို့သော် နယ်စပ်တလျှောက် ဒုက္ခသည် စခန်းများတွင် တွေ့ကြုံရသော အခြေအနေများမှာ သူတို့အတွက် အခွင့်သာစေသည့် အခြေအနေများ မဟုတ်ဆိုသည်ကို ထိတ်လန့် ချောက်ချားဘွယ် သိလာကြရပြီး အခက်အခဲပေါင်း များစွာကို ဆက်လက် ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဆိုထားပါသည်။

“ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြရာ၊ ဤနေရာ ရောက်တော့လဲ လုံခြုံမှု တစုံတရာ ရသော်လည်း အနာဂါတ်ကတော့ သိပ်မရှိ” ဟု အစီရင်ခံစာတွင် ရေးသားထားပါသည်။

ဘင်္ဂလာဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းကျော်ရှိနေရာ ၂၇၂၅၈ ဦးသာ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံး (UNHCR) ၏ တရားဝင် အသိအမှတ်ပြုမှုကို လက်ခံရရှိ၍ မှတ်ပုံတင်ထားခြင်း ခံရကာ စခန်း ၂ ခုတွင် ထားရှိသည်။

“အထူးသဖြင့် တရားဝင် စခန်းတွေရဲ့ အပြင်ဘက်မှာ နေနေရတဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးကိစ္စတွေ လုပ်ပေးဘို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ရော်ဂျာ (Roger) က ပြောသွားပါသည်။

မည်သို့ပင်ဖြစ်စေ ထိုတရားဝင် ဒုက္ခသည် စခန်းများမှာပင် အသက် ၁၂ နှစ်အောက် ကလေးများ အတွက်သာ စာသင်ယူနိုင်ခွင့် ရှိကြပြီး ထို့ထက်ကြီးသော ကလေးများနှင့် လူကြီးများအတွက်မူ မည်သည့် ပညာသင်ကြားခွင့်မှ မရကြဘဲ အခွင့်အရေးများ ချို့တဲ့ ဆုံးရှုံးလျက် ရှိကြသည်ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“UNHCR နဲ့ ဘင်္ဂလာဒေ့ရှ် အစိုးရတို့ အနေနဲ့ ဒီပြဿနာအတွက် တာရှည်ခံမဲ့ အဖြေတရပ်ကို ရှာဘို့ ကြိုးစားသင့်ပါတယ်” ဟု ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့သည့် CSW အဖွဲ့တွင် ပါဝင်သူ ရော်ဂျာ က ပြောဆိုသွားပါသည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာလျက်ရှိနေပြီး ရိုဟင်ဂျာ လူမျိုးတို့ နေရပ်သို့ ပြန်ရန်မှာ ဖြစ်နိုင်စရာလမ်း မရှိတော့သဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ဒုက္ခဆင်းရဲကို ကြားဝင် ဆောင်ရွက် ဖြေရှင်းပေးကြပါရန် ဘင်္ဂလာဒေ့ရှ် အစိုးရနှင့် ဒေသတွင်း နိုင်ငံများကို တိုက်တွန်းပါကြောင်း CSW က ပြောသွားပါသည်။

“မြန်မာနိုင်ငံတွင်း အခြေအနေများ ပြောင်းလဲ မသွားဘဲနှင့် ရိုဟင်ဂျာတို့၏ အခြေအနေများလည်း ပြောင်းလဲသွားမည် မဟုတ်ပါ” ဟု ရော်ဂျာက ပြောပါသည်။

သူတို့ မြန်မာ-ဘင်္ဂလား နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းများတွင် စုဆောင်း ကောက်ယူ ရရှိခဲ့သော အချက်အလက်များသည် နိုင်ငံ၏ အခြား အစိတ်အပိုင်းများ ဒေသများတွင် ကောက်ယူရရှိခဲ့သော အချက်အလက်များနှင့် လုံးဝ တူညီနေကြောင်း၊ မြန်မာ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုပါကြောင်းဖြင့်လည်း ဤအဖွဲ့က ပြောဆိုပါသည်။

“စစ်အစိုးရသည် လူ့အခွင့်အရေးတိုင်းကို ဒဏ်ခတ် အရေးယူခံရခြင်း မရှိဘဲ ချိုးဖောက် ကျူးလွန်လျက်ရှိပြီး၊ ခရစ်ယန်၊ မူဆလင်၊ ဗုဒ္ဓဘာသာတို့၏ ဘာသာရေး လွတ်လပ်ခွင့်များကိုလည်း အကြီးအကျယ် ချိုးဖောက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆန္ဒကိုလည်း တောက်လျှောက်ပင် လျစ်လျူရှုလာသည်မှာ ကြာလှပါပြီ” ဟု CSW ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မာဗင်းသောမတ်စ် (Mervyn Thomas) က သတင်း ကြေငြာချက်တရပ် ထုတ်ပြန်၍ ပြောကြားသွားခဲ့ပါသည်။

စစ်အစိုးရကို ဖိအားပေးသည့် အနေနှင့် အချိန် သတ်မှတ်ချက်ရှိသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက် အကောင်အထည်ဖေါ်ရေး ဖိအားပေးပါရန်လည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ဤအဖွဲ့က တောင်းဆိုလိုက်ပါသည်။

“ဤအချိန်သည် ကုလသမဂ္ဂ အနေနှင့် တိုးတက်မှုအတွက် စံအဆင့်အတန်း သတ်မှတ်ချက်များ အတိအကျ သတ်မှတ် ထားရှိရမည့်အချိန် ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းပြည်အဝှမ်း ကျူးလွန်လျက် ရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အဆုံးသတ်ရေး ကိစ္စများ အပါအဝင် ဖြစ်သည်။ မြန်မာ ဗိုလ်ချုပ်ကြီးများ၏ အမှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်း စစ်ဆေးသင့်သည်ဟုလည်း ကျနော်တို့ ယုံကြည်ပါသည်” ဟု သောမတ်စ် ပြောဆိုသွားခဲ့ပါသည်။

1 comment:

  1. မင်းတိုရိုဟင်းဂျာကုလားတွေသေသွားလဲနားအေတာပါပဲ ဟဟဟဟဟ

    ReplyDelete

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။