Pages

Saturday, May 26, 2012

ပန်းတောင်းအနောက်ဗလီကို ခဲဖြင့်တိုက်ခိုက်မှုများ ညစဉ်ဖြစ်ပေါ်နေ

 

မင်းမဲ့စရိုက်ကံမအကြမ်းဖက်မှုကဲ့သို့မကြီးထွားရန်အာဏာပိုင်တို့၏အခန်းကဏ္ဍ အရေးပါ

မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ပန်းတောင်းမြို့ခံ တစ်ဦးက ပြောကြားသည်။

“ဒီလ ၁၈ ရက်နေ့က စဖြစ်တာပါ။ ဖြစ်ဖြစ်ချင်း ၃ရက်လောက်တော့ ရဲ ၅-၆ယောက်လာတယ်။ အဲဒီနောက်ပိုင်း မလာတော့ဘူး။ အခုရက်ပိုင်း ခဲနဲ့ပေါက်တာ ပိုဖြစ်လာတယ်။”ဟု အမည်မဖော်လိုသူ

ပန်းတောင်းမြို့ခံတစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။

ပန်းတောင်းမြို့တွင် အရှေ့ဗလီနှင့် အနောက်ဗလီဟူ၍ ဗလီ ၂ လုံးရှိသည့်အနက် မကြာမီက မွမ်းမံပြင်ဆင် ခွင့်ဖြင့် ပြင်ဆင်ထားခဲ့သည့် အနောက်ဗလီကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

“ခဲနဲ့ပေါက်တာက သာမန်အရပ်သားတွေပါပဲ။ အယောက် ၂၀ ၀န်းကျင်လောက်ရှိမယ်။ ကံမလို လုပ်မယ်လို့လဲ ပန်းတောင်းဈေးထဲမှာ သတင်းတွေဖြစ်နေတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ပန်းတောင်းရှိ အနောက်ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်ဖျက်ဆီးမှုများ မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ ခဲဖြင့် ပစ်ပေါက်တိုက်ခိုက်ဖျက်ဆီးမှုများ စတင်ခဲ့သည့် မေ ၁၈၊ ၁၉၊ ၂၀ ရက်နေ့တွင် ရဲအချို့ ပန်းတောင်းအနောက် ဗလီသို့ လာရောက်ခဲ့သော်လည်း ခဲဖြင့်ပစ်ပေါက်သူများကို ဖမ်းဆီးမှုမရှိဟု သိရသည်။
 
 
“ဒီလိုသွေးတိုးစမ်းတာကို ဆက်လွှတ်ထားရင် မင်းမဲ့စရိုက် ကံမ အကြမ်းဖက်မှုလိုမျိုး ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ ထပ်ဖြစ်လာနိုင်တယ်။ သက်ဆိုင်ရာက အခုကတည်းက ထိထိရောက်ရောက် ဟန့်တားဖို့လိုတယ်” ဟု ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုတွင် နစ်နာသူများဖက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုကို သက်ဆိုင်ရာဒေသ ရဲစခန်းက ချက်ချင်း အမှုဖွင့်ခွင့် မပေးခဲ့ဘဲ၊ သမ္မတထံ စာတင်ပြီး ၄ ရက်အကြာ (အကြမ်းဖက်မှုဖြစ်ပွားအပြီး ၁၁ ရက်အကြာ) တွင်မှ ရဲစခန်းတွင် အမှုဖွင့်ခွင့်ပေးခဲ့သည်။ ယခုအချိန်အထိ ကျူးလွန်သူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။