Pages

Friday, May 25, 2012

ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်


Source: Original & MMSY မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး) By အေးလွင်

မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။

မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။



ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။
လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။
ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”
မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။
လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။
~~~~~~~~~~ နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။
“ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။
မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။
ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)
ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။
ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။
အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။