Pages

Tuesday, July 3, 2012

အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ

Source : FB of M Thit Sar အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မြန်မာနိုင်ငံသား ဗမာမွတ်စလင်မ် တယောက်အနေနဲ့  မြန်မာပြည်က ကုလားကို မုန်းပါတယ်ဆိုတဲ့ လူတွေနဲ့  ပတ်သက်ပြီး ရင်ဖွင့်ချင်တယ်။ ဖတ်ကောင်းအောင်တော့ ဆီကွန့် ပြီးစာမရေးတတ်ဘူး။ ရင်ထဲက မခံချင်စိတ်ကို နေ့ တိုင်းဆွပေးနေတဲ့ မွတ်စလင်မ်မုန်း တီးရေးသမားကိုတော့ ရင်ဖွင့်တတ်တယ်။

အရင်ကတော့ ရိုဟင်ဂျာကို မကြိုက်ဘူး။ ဟုတ်တယ် မကြိုက်ဘူး။ ဘာကြောင့်လဲ? သူတို့ နဲ့  အလုပ်လုပ်တိုင်း ရှင်းရှင်းလင်းလင်း လုပ်လို့ မရဘူး။ လွယ် လွယ်ကိစ္စ မရှုပ်ရှုပ်အောင်လုပ်တယ်။ စီးပွားတွဲလုပ်ရင် လက်ပေါက်ကပ်တယ်။ အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစား အပြင် တယောက် တပေါက်နဲ့ ဟိုလူက ဟိုလူကို ခုတုံးလုပ်သွားလိုက်၊ ပြောတော့တမျိုး လုပ်တော့ တမျိုးကြုံရလိုက်။ ခုနောက်ပိုင်း မွတ်စလင်မ်အရေးဆိုရင် တခါလည်း ရိုဟင်ဂျာ နှစ်ခါလည်း ရိုဟင်ဂျာ။ ဒီကြားထဲ ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းတိုင်း တခြား မွတ်စလင်တွေ ကိုပါ ၀ိုင်းဆဲခံကြရတယ်။ ၀ိုင်းဆဲခံရလို့  ရိုဟင်ဂျာတွေကို ပိုချဉ်တယ်။



ရိုဟင်ဂျာကိစ္စနဲ့  ပတ်သက်လာရင် မြန်မာတွေဖက်မှာရှိခဲ့တယ်။
ဒါပေမဲ့ ခုခါမှာ ရိုဟင်ဂျာတွေကိုချဉ်တာထက် မွတ်စလင်မ်တွေကို တဖက်သတ် စိတ်ဒုက္ခပေးနေတဲ့ ထောင်ပေါင်းများစွာသော မွတ်စလင်မ်မုန်းတီးရေး သမားတွေကို စိတ်နာတယ်။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ ပညာရှင်တွေ အားလုံးနီးပါး မွတ်စလင်မ်မုန်းတီးရေးမှာ ပါဝင်ပတ်သက်နေတာ တွေ့ ရ တော့ ဗမာဖြစ်တဲ့ ကိုယ့်ကိုယ်ကို ခါးသီးတယ်။
အခု ရိုဟင်ဂျာ ဆန့် ကျင်ရေးက တကယ်တော့ ရိုဟင်ဂျာ ဆန့်ကျင်ရေးမဟုတ်ဘူး။ မွတ်စလင်မ်ဆန့် ကျင်ရေးဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ လူ ၁၀ ယောက်ကို ကားပေါ်က ဆွဲချပြီး သတ်တယ်။ လူသတ်တာ အားပေးသမားတွေက လက်ခုပ်တီးခဲ့ကြတယ်။ ဖားကန့် နဲ့  ကမ္မံမှာ ရိုဟင်ဂျာမဟုတ်ပါဘဲ ဗလီတွေဖျက်တယ်။ အိမ်တွေဖျက်တယ်။ ပစ္စည်းလုတယ်။ မီဒီယာတွေ ဒီမိုတွေ နှုတ်ပိတ်နေပေးခဲ့တယ်။ သတင်းတွေ တင်ပြန်တော့ မွတ်စလင်မ်တွေကို တဖက်သတ်နစ်နာအောင်ရေးကြတယ်။ သစ်ထူးလွင်ဆိုဒ်ဆိုရင် မွတ်စလင်မ်မကောင်းကြောင်း အားရပါးရလှော်တယ်။ မွတ်စလင်မ်ဖက်က သတင်းမှန်သမျှ ဘာမှမတင်ဘူး။ သိသာလွန်းလှတယ်။
နိုင်ငံတကာမှာရောက်နေတဲ့  မြန်မာတွေ၊ ပြည်တွင်းမှာနေကြတဲ့ မြန်မာတွေ ရိုဟင်ဂျာ ဆန့် ကျင်ရေးမက မွတ်စလင်မ်တွေအပြင် ဘာသာရေးကျမ်းစာ၊ ဘုရားသခင်နဲ့ ၊ တမန်တော်တွေကို ရိတယ်၊ ဆဲတယ်။ ရိုဟင်ဂျာတိုင်းရင်းသား မဟုတ်စေချင်တာနဲ့  ဘာသာတခုလုံး မွတ်စလင်မ်အားလုံးကို ၀င်ဆဲတော့တယ်။
သေချာပါတယ်။ ခင်ဗျားတို့ တွေက တကယ်တန်းတော့ မွတ်စလင်မ်ဆန့် ကျင်ရေးလုပ်နေတာ။
ခင်ဗျားတို့  ပြောကြတယ်။ ဒို့ မြေမှာနေ ဒို့ ရေကိုသောက်ပြီး ဒို့ လူမျိုးကိုစော်ကားတယ်တဲ့။ မေးချင်တယ်ဒါဆိုရင်
(၁) ဘယ်မွတ်စလင်မ် ဘယ်နှစ်ယောက်က ဘယ်သူ့ ကိုစော်ကားနေတာလဲ။ မသီတာထွေးကိစ္စမှာ မွတ်စလင်မ်တွေလုပ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ဘယ်လိုသက်သေပြမလဲ။ ရိုဟင်ဂျာ မုန်းတဲ့ ရခိုင် ဒါမှမဟုတ် အကျပ်အတည်းရောက်နေတဲ့ အစိုးရက လုပ်ပြီး မွတ်စလင်မ် ၃ ယောက်ကို ဆွဲထည့်လိုက် တာမဟုတ်ဘူးလို့  ဘယ်သူ အာမခံမလဲ။ ဒီ ၃ ယောက်လုပ်တယ်ပဲထား ဒီရာဇ၀တ်ကောင် ၃ ကောင်ရဲ့ အပြစ်ဟာ မွတ်စလင်မ်အားလုံးနဲ့  ဆိုင်တယ်ဆိုရင် ရှမ်းပြည်မှာ၊ ကရင်ပြည်မှာ၊ ကချင်ပြည်မှာ၊ ချင်းပြည်မှာ နေ့ တိုင်းနေ့ တိုင်းဖြစ်နေတဲ့ စစ်တပ် မုဒိန်းကျင့်မှုအတွက် ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံး အပြစ်မရှိဘူးလား။
(၂) မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မွတ်စလင်မ်တွေအတွက် မြန်မာပြည်က ဒို့ မြေ ဒို့ ရေမဟုတ်ဘူးလား။
(၃) ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရအောင် အစ္စလာမ်ဘာသာကိုးကွယ်တာနဲ့  လူမျိုးခြားဖြစ်သွားရောလား။ ကျနော် ဗမာပါ။ ဗမာလူမျိုးပါ။
(၄) ကျနော့်လို ဗမာ မွတ်စလင်မ်က ဘယ်ဗမာ ဗုဒ္ဓဘာသာကိုစော်ကားနေလဲ။ တိုင်းပြည်ကိုဖျက်ဆီးနေသလား၊ သံဃာတော်တွေကို သတ်နေလား၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချနှိပ်စက်နေလား။ ပြည်သူတွေကို ဆင်းရဲမွဲတေအောင်လုပ်နေလား။ လယ်သမားတွေနဲ့ လယ်ယာတွေကို မတ ရားသိမ်းနေလား။ တိုင်းပြည်ရဲ့  သံယံဇာတတွေကို မတရားလုပြီး ရောင်းစားနေလား။ တိုင်းရင်းသားတွေကို စစ်ကြောင်းတွေဖွဲ့ ပြီး မုဒိန်းမှုတွေ ကျူးလွန်နေလား။
(၅) အင်တာနက်မှာ ဂေါတမမြတ်စွာဘုရား၊ စေတီတွေ ကျောင်းတိုက်တွေ၊ မြန်မာနိုင်ငံသားတွေကို ထက်ထက်အောက်အောက်ဆဲနေလား။ မွတ်စလင်မ် ဆဲတဲ့ မြန်မာဘလောဂ်တွေ ၊ဆိုဒ်တွေ အွန်လိုင်းမှာ ရာနှင့်ချီပြီးရှိနေပြီ။ မွတ်စလင်မ်တွေကို သတ်ခိုင်းတဲ့ ကော်မန့် တွေ ထောင်နဲ့ ချီပြီးရှိနေပြီ။ မွတ်စလင်မ်အမျိုးသမီးတွေကို -ိုး ဆိုပြီး ဆဲနေတဲ့ ကော်မန့် တွေ ရာထောင်ချီနေပြီ။
တိုင်းပြည်ကြီးကို ဒုက္ခမျိုးစုံပေးခဲ့တဲ့ စစ်တပ်နဲ့  အစိုးရ၊ ၀န်ကြီးတွေနဲ့  ကပ်ပြီး ပြည်သူတွေဆီက သွေးချွေးတွေ ညစ်ထုတ်နေတဲ့ စီးပွားရေးသမားကြီး တွေထဲမှာ မွတ်စလင်မ်တွေ မပါဘူး။ သေနတ်ကိုင်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ထဲမှာ မွတ်စလင်မ်တွေမပါဘူး။ အင်တာနက်မှာ ထက်ထက် အောက်အောက်ဆဲနေတဲ့ လူရိုင်းတွေ၊ လူသတ်အားပေးတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။ ရခိုင်ပြသနာအတွက် ဓာတ်ဆီလောင်းပေးတဲ့ မီဒီယာတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။
ဒို့ မြေပေါ်နေ ဒို့ ရေကိုသောက် ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရင် – ဗမာ့ယဉ်ကျေးမှုဆိုတဲ့ ဦးရွေရိုးအကကို ထွင်ခဲ့တဲ့ မွတ်စလင်မ်က ဗမာတွေကို စော် ကားသွားတာလား။ ဦးရာဇတ်ကြီးက ဗမာပြည်ကို ဖျက်ဆီးသွားတာလား။ ဦးရာရှစ်က တိုင်းပြည်ကိုရောင်းစားသွားတာလား။ ကာတွန်းဆရာ ကံချွန်က မြန်မာပြည်ကြီးကို မီးရှို့ သွားတာလား။ ကျားဘညိမ်းဆိုတဲ့ လက်ဝှေ့ သမားက မြန်မာပြည်ကို သိက္ခာချသွားတာလား။ ထောင်ထဲမှာ အသေခံသွားရတဲ့ ကဗျာဆရာ မောင်သော်က က တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် လမ်းထွင်သွားတာလား။
မွတ်စလင်မ်တွေပါတဲ့ နေရာတခုတော့ရှိတယ်။ ကောင်းတာတွေအားလုံးအမေ့ခံလိုက်ရပြီး အင်တာနက်လူရိုင်း၊ အင်တာနက် လူသတ်ကောင်တွေရဲ့  တဖက်သက်ဆဲခံ၊ ဆက်ဆံခံရတဲ့ အုပ်စုထဲမှာ။
မှတ်ချက်- အီးမေးလ်ပေးစာကဏ္ဍသို့ ဗမာမွတ်စလင်မ် အမည်ဖြင့်ပေးပို့လာသော စာတစောင်ဖြစ်ပါသည်။ { ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ကြောင်းပါ။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။