Pages

Friday, July 13, 2012

ဦးစိန္တာ၏ ရခိုင်နိုင်ငံတော် (၃)

ဓည၀တီ၊ ဝေလာလီ၊ လေးမြို့၊ မြောက်ဦး ဆိုတဲ့ အမည်နာမနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံငယ်ဟာ အင်္ဂလိပ်ခေတ်မှာ အာရ်ကန်နိုင်ငံရယ်လို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီထိ အဲ့ဒီ နိုင်ငံငယ်ကို “ရခိုင်နိုင်ငံ” ခေါ်တွင်စေရမယ်လို့ ပြန်တမ်း မရှိဘူး။ သံကွဲမြန်မာရခိုင် လူမျိုးနွယ် လူမျိုးစု နေထိုင်ခြင်းကို အမှီသဟဲပြုပြီးသာ ရခိုင်နိုင်ငံရယ်လို့ အလွယ်ပြော၊ အလွယ်သုံးတာမျိုးသာ ရှိခဲ့တယ်။ ဒါကြောင့် မြန်မာတို့က အဲ့ဒီဒေသကို ရခိုင် ဒေသတိုင်း၊ ရခိုင်ပြည်နယ်လို့ လွတ်လပ်ရေးရပြီးနောက် သုံးနှုန်းပြောဆိုပေမယ့်- တစ်ခြားတစ်ဘက်မှာ ကမ္ဘာ ကို Arakan လို့ အင်္ဂလိပ်လိုရေးပြီး ခပ်တည်တည်နဲ့ ဗြောင်လိမ်နေခဲ့ရတယ်။ အဲ့လို ခပ်တည်တည်နဲ့ နှစ်ပေါင်း ငါးဆယ်လောက် ဗြောင်လိမ်နေပြီး- ကမ္ဘာက အသားကျလောက်ပြီထင်တဲ့အခါ- ၁၉၈၈ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတက်လာတဲ့ အစိုးရလက်ထက် မှာမှ Rakhine State ဖြစ်တယ်လို့ ပြောင်းလဲလိုက်တယ်။

Burma ကို Myanmar လို့ ပြောင်းတဲ့အပေါ် အချေအတင်၊ အငြင်းအခုံတွေ ရှိပေမယ့်- Arakan ကို Rakhine လို့ ပြောင်းတဲ့အပေါ် ဘယ်သူ့အသံကိုမှ မကြားခဲ့ရဘူး။ ရခိုင်တွေက အဲ့ဒီနယ်မြေကို သူတို့ရဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်လိုချင်တာ အလိုပြည့်သွားသလိုပဲ။ သမိုင်းကို ဖြေးဖြေးချင်း လှည့်ယူသွားတဲ့ သဘောလို့ ဆင်ခြင်မိဘို့ လိုတယ်။

ရခိုင်လူမျိုးထဲမှာ ဦးစိန္တာ ဆိုတဲ့ ခွဲထွက်ရေးသမား တစ်ဦး ပေါ်ထွန်းခဲ့တာ ဦးစိန္တာဝါဒီများ ဖြစ်တဲ့ ဦးအေးကျော်၊ ဦးအေးချမ်းလို ရခိုင်ဗုဒ္ဓဘာသာကလွဲ အကုန်မုန်းဝါဒီတွေ ပေါ်လာခဲ့တာ- ဗမာများ အတွက် အကြီးအကျယ် အမြတ်ထွက်သွားခဲ့တယ်။ အကြောင်းက- မြန်မာဘက်က ရခိုင်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံ အဖြစ်ဘယ်လိုမှ အဖြစ်မခံနိုင်၊ ရခိုင်ဆိုတာ ဗမာလူမျိုးထဲမှာ တစ်စု (သံကွဲမြန်မာ)လို့ သတ်မှတ်ထားခဲ့ပြီး၊ ရခိုင်များကြီးစိုးတဲ့ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ဆိုတာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရယ်လို့ မပေါ်ထွန်းမှီ- ပျူမြို့ပြ နိုင်ငံတစ်ခုကဲ့သို့သာ ဖြစ်ခဲ့တယ်- မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်တာနဲ့ ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံထဲမှာ ထည့်သွင်း သတ်မှတ်ထားတဲ့ အရာ ဖြစ်တယ်။ အုပ်ချုပ်မှု သဘောတရားအရ ဥပဒေစိုးမိုးနိုင်အောင် အခွန် ဘဏ္ဍာဆက်သရတဲ့ လက်အောက်ခံအဆင့် ဘုရင်ခွဲသဘော ထားခဲ့တယ်လို့ပဲ အရိုးစွဲ ခံစားနေခဲ့တယ်။ အဲ့ဒီ နိုင်ငံငယ်ဟာ ဗမာများကို တော်လှန်ပုန်ကန်လိုတိုင်း ဘင်္ဂလားဘက်ကို ပူးပေါင်းစစ်ကူတောင်းပြီး ဗမာကို တော်လှန်ခဲ့တယ်။ ဘင်္ဂလားဘက်နဲ့ ပြေလည်ခဲ့တဲ့ မြောက်ဦးခေတ်ရဲ့ ရှေ့ပိုင်း နှစ်ပေါင်း ၃၀၀ လောက် ကြီး ကျယ်ခမ်းနားတဲ့ သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒါကြောင့် ဘင်္ဂလားနဲ့ ရခိုင်လူမျိုး ပြေလည်နေရင် ဗမာရဲ့ ရခိုင်အပေါ် အချုပ်အခြာဟာ အာမခံချက် လျှော့နည်းနေတယ်လို့ - ဗမာအစိုးရ အဆက်ဆက်က မြင်ခဲ့ တယ်။

မြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေး ယူစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းက မြောက်ဦးပိုင်နယ်မြေအားလုံးကို ရယူဘို့ ကြိုးစားခဲ့တယ်။ လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားစဉ်-၊ ကရာချိလေဆိပ်မှာ ပါကစ္စတန်ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီဂျင်းနားနဲ့တွေ့စဉ်- Arakan ဒေသကို အရှေ့ပါကစ္စတန်ထဲမှာ မထည့်ဘဲ မြန်မာကို ပေးဘို့ တောင်း ဆိုခဲ့တယ်။ အလီဂျင်းနားကြီးက သားအရွယ်လောက်သာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိ၊ ခေါင်းဆောင်မှု များကို အသိအမှတ်ပြုပြီး- “မင်းသဘောအတိုင်းပဲ”လို့ လိုက်လျှောခဲ့တယ်။

ဗိုလ်ချုပ်တို့ ကျဆုံးသွားတော့- အောင်ဆန်းအက်တလီစာချုပ်ကို ဖျက်သိမ်းပြီး နုအက်တလီ စာချုပ်ကို ပြန်ချုပ် တော့ ဦးစိန္တာဝါဒီ အမတ် ဦးအောင်ဇံဝေက Arakan ထဲက မွတ်စလင် လူများစုဒေသများကို ဖဲ့ထုတ်လိုက်ပြီး ဘင်္ဂလားကို အလကားပေးပစ်လိုက်တယ်။ မြန်မာနိုင်ငံကို မွတ်စလင်များရာ ဘူးသီးတောင် မောင်တောကို ချန်လှပ်ပြီး မေယုတောင်တန်းက စပြီး နယ်နမိတ် သတ်မှတ်ဘို့ ဦးနုကို တင်ပြခဲ့တယ်။ ဦးနုရဲ့ နယ်မြေ သတ်မှတ်ရေး အတိုင်ပင်ခံအဖွဲ့က နှစ်နိုင်ငံ လုံခြုံရေးအရ မေယုတောင် တန်းအစား မေယုမြစ်ကို နယ်ခြား သတ်မှတ်လိုက်တော့ ဘူးသီးတောင်နဲ့ မောင်တောဒေသက မြန်မာထဲကို ပါဝင်လာခဲ့တယ်။ ဒါပေမယ့် ဦးနုက စစ်တကောင်းလူမျိုးနဲ့ မြန်မာထဲကို ပါလာတဲ့ ရခိုင်မွတ်စလင် လူမျိုးကို တစ်ဖြေးဖြေးကွဲသွားလေအောင်- ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို လက်ခံခဲ့တယ်။ အချိန်ကြာလာရင်- လူမျိုးနှစ်မျိုး သီးသန့်ဖြစ်သွားပြီး နယ်မြေ လုံခြုံရေး၊ တိုင်းပြည်ချစ်စိတ် ခိုင်မာလာစေဘို့ ရည်ရွယ်ခဲ့တယ်။ (လူမျိုးတူတယ်လို့ ခံစားနေသ၍ သံယောဇဉ် ရှိနေမယ်။ အချင်းချင်း ဖေးမနေမယ်၊ လူဝင်ရောမှု ပိုမိုများပြားနေမယ်- ဒါတွေကို စနစ်တကျ စဉ်းစားပြီး ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်။)

နိုင်ငံရေး ပရိယာယ်ကို မသိ၊ စစ်တိုက် သတ်ဖြတ်ပြီး အာဏာပိုင် ဖြစ်လာသူများကတော့- လူမိုက်ဆန်ဆန် မျိုး ပြုတ်သတ်ဖြတ်၊ မောင်းထုတ်လိုက်ရင် ပြီးပြီလို့ ယူဆပြီး- ထင်ရာလျှောက်လုပ်လိုက်ရင် ကိစ္စပြတ်သွားမှာပဲလို့ ဉာဏ်တိုတိုကို အရောင်တင်ခဲ့တော့- နိုင်ငံတော်အရေးက ပိုမိုရှုပ်ထွေးလေတော့တယ်။

ဦးစိန္တာဝါဒီများကလည်း မွတ်စလင်များကို မောင်းထုတ်ပြီး ဘင်္ဂလားမှာ ပါသွားတဲ့ ရခိုင်များကို အစားထိုးဘို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဗမာများဘက်ကလည်း မသိမသာလွတ်ပေးထား လိုက်တယ်။ နိုင်ငံရေးအရ လေဖြတ်သူကို ရေခဲရေလောင်းပေးတဲ့ သဘောလို့ ခံယူခဲ့ခြင်း ဖြစ်တယ်။

ဒီကြားထဲမှာ မွတ်စလင်များ အတွက် အခြေအနေဆိုး တစ်ရပ်ပေါ်ထွက်လာပြန်တယ်- အဲ့ဒါက ပါကိစ္စတန်က နေ ဘင်္ဂလားဒေ့ရှ် အဖြစ် ခွဲထွက်တဲ့ ပွဲပါ။ ၁၉၇၃ ခုနှစ်ထိ ပါကိစ္စတန်က ခွဲထွက်တော့ မြန်မာပြည်ဘက်ကို စစ် ပြေးဒုက္ခသည်တွေ၊ စီးပွားရေးဒုက္ခသည်တွေ ၀င်လာခဲ့ပြန်တယ်။- ၀င်လာသူအများစုက ဘင်္ဂလီရခိုင်နဲ့ ဘင်္ဂလီ မွတ်စလင် နှစ်မျိုးလုံး ဖြစ်တယ်။ ဒါကို ဦးနေ၀င်းလက်ထက်မှာ ပြန်မောင်းထုတ်တော့ ဦးတင်ဦးက ခေါင်းဆောင် ခဲ့တယ်။ ဦးတင်ဦးပဲ လူမျိုးရေး အယူစွဲရှိနေတာလား၊ သို့မဟုတ် လေဖြတ်နေတဲ့ ဦးစိန္တာဝါဒကို ဆက်လက်မွေး မြူလိုက်တာလား မပြောတတ်ပါ။ ၀င်လာသူတွေထဲက ဘင်္ဂလီရခိုင်များကို မြန်မာရခိုင်များနဲ့ ရောပေးထားလိုက် ပြီး ဘင်္ဂလီမွတ်စလင်များကိုသာ မောင်းထုတ်ခဲ့တယ်။ ဒီကြားထဲ ဘင်္ဂလီရခိုင်ကို မောင်းထုတ်ရမယ့် အစား ရခိုင်မွတ်စလင်တွေကို အစားထိုး မောင်းထုတ်လိုက်တယ်။ အဲ့ဒီမှာ အနောက်သား ဘင်္ဂလီရခိုင်များကို ပြည် နယ်ကောင်စီမှာ လူကြီးပိုင်းထိ နေရာပေးထားခဲ့တယ်။ (ဥပမာ ဗိုလ်မှုးကျော်မောင်ကို ကြည့်ပါ။) ဒီမှာလည်း ရည်ရွယ်ချက်က ရှိနေပြန်တယ်။ အနောက်သားတွေက သူတို့ကို နိုင်ငံခြားသား ဘင်္ဂလီလို့ မမြင်ရအောင် နိုင်ငံ ခြားသား ဘင်္ဂလီဆိုတာ မွတ်စလင်တွေ ဖြစ်တယ်လို့ သူတို့ဘက်ကို ကာကွယ်ပြီး သူများကို လက်ညှိုးထိုးတဲ့ စိတ်ရှိတယ်။ ဒီလို လက်ညှိုးထိုးနေတော့- “သူခိုးက လူပြန်ဟစ်” - စွပ်စွဲခံရသူက စွပ်စွဲသူကို မုန်း-၊ ဒီလို သံသရာ လည်ပြီး ဗမာဆီက ခွဲထွက်ရေးကို မလှည့်နိုင်အောင် ဖြစ်တော့တယ်။

တစ်ပြိုင်နက်မှာ ဦးစိန္တာဝါဒီတွေက မွတ်စလင်ကိုမုန်း၊ ခရစ်ယာန် (အချိုချင်း)များကို နှိမ် ရခိုင်ဗုဒ္ဓလူမျိုးကြီးဝါဒ ကို ရိုက်သွင်းလာတော့- လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့ မြောက်ဦးနိုင်ငံဟာ အလိုလိုနေရင်း ဘင်္ဂလားဘက်နဲ့ အမုန်း ပွားနေခဲ့တယ်၊ ချင်းလူမျိုးများရဲ့ မကျေလည်မှုကို ခံယူနေခဲ့တယ်။ သူ့ကိုယ်သူ လေဖြတ်နေအောင် သူ့ဟာသူ ဖန် တီးနေခဲ့တယ်။ ဒီအခြေအနေကို ဗမာဘက်က အားဆေးတိုက်ပေးလိုက်ယုံနဲ့ အိပ်ယာထဲက ပြန်ထစရာ အကြောင်းမရှိ ဖြစ်နေမှာ သေချာနေတယ်။- ဦးစိန္တာအနေနဲ့ ရခိုင်ကို သီးခြားနိုင်ငံထောင်ဘို့ ကြိုးစားလေ- လေဖြတ်လေ- နောက်ဆုံး ရခိုင်လူမျိုးဆိုတာ တိမ်ကောပပျောက်သွားတော့မှာ ဖြစ်တယ်။

ဦးစိန္တာဝါဒကို လက်ခံတဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စု- ခိုင်မိုးလင်းတို့၊ ခိုင်စိုးနိုင်အောင်တို့ ဆိုတာ လည်း- လုံးပါးပါးလာကာ နောက်ဆုံး လူဆယ်ယောက်လောက်သာ ရှိပြီး မီဒီယာအားကိုးနဲ့ ဟိတ်ဟန် ထုတ်နေရတဲ့ အဆင့်သာ ကျန်လိုက်တော့တယ်။

ဗမာများရဲ့မူက ရခိုင်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နဘန်းလုံးနေခြင်းကို “ကြက်လည်းပန်းစေ၊ ယာလည်းညက် စေ” သီအိုရီနဲ့ ကျင့်သုံးခဲ့ခြင်း ဖြစ်လေတော့ ဦးစိန္တာရဲ့ ရခိုင်နိုင်ငံတော်ဟာ အိမ်မက်ထဲက စိတ်ကူးယဉ်မှု တစ်ခု သာ ဖြစ်ခဲ့ရပါတော့တယ်။

ဌေးလွင်ဦး

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။