Pages

Tuesday, July 24, 2012

ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်

 
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်
ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်သည့် Ansar Burney အပါအဝင် Ansar Burney Trust မှ လေးဦး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်
ကြေညာသည်။

လူမျိုးရေး အကြမ်းဖက်မှုများ၊ မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုကြောင့် ရခိုင် ဒေသမှာ ညက်ညက်ကြေပြုန်းခဲ့ ရကြောင်း အစီရင်ခံချက်များကြောင့် ဆက်လက် ဖြစ်ပေါ်နေပြီး ထိုအထဲတွင် မူဆလင်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှု၊ လက်ရောက်စော်ကားမှု အစီရင်ခံချက်များမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များအတွင်း ရှုတ်ထွေးမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

အသက် ၅၆ နှစ်အရွယ်ရှိ Ansar Burney မှာ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေး ဝန်ကြီး ဖြစ်ခဲ့ဖူးပြီး အမေရိကန် နိုင်ငံခြားရေးန်ကြီးဌာန အစီရင်ခံစာတွင် ‘လူကုန်ကူးမှု ဆန့်ကျင်ရေး သူရဲကောင်း’အဖြစ် ဂုဏ်ပြုခံရဖူး သည်။
 
 
 
ယခု လာရောက်မည့် ခရီးစဉ်မှာ အချက်အလက်များ ရှာဖွေရန်နှင့် ငိုကြွေးနေ၊ သေလုဆဲဆဲ ဖြစ်နေကြသော သူများအား ကူညီရန်အတွက် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များ၊ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များအား Ansar Burney Trust က စွပ်စွဲလိုက်သည်။

“အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်တွေ ဖြန့်လွှတ်ထားတာဟာ ဆူပူထကြွမှုတွေကို ချေမှုန်းဖို့နဲ့
မော့စ်နဲ့ဘုန်းတော်ကြီးကျောင်းတွေ နှစ်ခုလုံးကို ကာကွယ်ပေးဖို့ ပါတယ်။ ဒါပေမယ့် မူဆလင်များနဲ့ ပလီတွေကို တိုက်ခိုက်မှုတွေဟာ အစိုးရနဲ့ စစ်တပ် ထီးရိပ်အောက်ကနေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟု Ansar Burney က ဆိုသည်။

ပါကစ္စတန် မူဆလင်အဖွဲ့ချုပ် PML-Q၊ Jamaat-e-Islami (JI)ပါတီတို့ကလည်း မြန်မာနိုင်ငံတွင်း မူဆလင် သတ်ဖြတ် ခံရမှုများကို ကန့်ကွက်ရှုတ်ချကြကာ ကုလသမဂ္ဂနှင့် အစ္စလာမ်ကွန်ဖရင့်(OIC)တို့သို့ အရေးယူဆောင်ရွက်မှုများပြုရန်
တောင်းဆိုထားကြသည်။ JI ပါတီ ခေါင်းဆောင် Munawar ကလည်း မြန်မာပြည် မူဆလင်အရေး ဆွေးနွေးရန်အတွက် ပါကစ္စတန်အစိုးရအား အထွေထွေညီလာခံ ခေါ်ဆိုပေးရန် တောင်းဆိုထားသည်။

ပါကစ္စတန် ကျောင်းသူများ သမဂ္ဂတခုဖြစ်သည့် Islami Jamiat-e-Talbat (IJT) ၏ ခေါင်းဆောင် Nazima Ayesha က သတင်းထောက်များအား သောကြာနေ့က ပြောဆိုရာတွင် ၅၂ နိုင်ငံသော မူဆလင်ကမ္ဘာ၏ ရဲတိုက်ကြီး တခုသဖွယ် ဖြစ်သည့် ပါကစ္စတန်အနေဖြင့် မြန်မာပြည်အတွင်း ဤကဲ့သို့ မူဆလင်များအား ရက်ရက်စက်စက် သတ်ဖြတ်နေမှု ကိစ္စမျိုးများကို သုတ်သင်ပစ်ရန် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူတကွ လက်တွဲကာ မိမိအခန်းကဏ္ဍ ကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့က Pakistan Sunni Tehrik (PST) ပါတီ ဦးဆောင်သည့် ချီတက်ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mohammad Khazaee ကလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ စာရေးသားကာ မြန်မာပြည်အတွင်း မူဆလင် သတ်ဖြတ်မှုများ ရပ်တန့်သွားရန်အတွက် အလျှင်အမြန် အရေးယူ ဆောင်ရွက်မှုများပြုရန် စနေနေ့က တောင်းဆိုထားသည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်မျာကလည်း မြန်မာပြည်အတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကို
ပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသတ်ဖြတ်မှုများ ရပ်တန့်စေရန်အတွက် ကမ္ဘာကြီးမှ ချက်ချင်း လုပ်ဆောင်မှုများ ပြုကြရန်
တောင်းဆိုထားသည်။

“မြန်မာ(အစိုးရ) သိထားဖို့လိုတာက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ တိုင်းပြည်တခုတည်းမှာ တင် ဖြစ်တဲ့ ရာဇဝတ်မှု တခုမျှသာ မဟုတ်ဘဲ ခွင့်လွှတ်လို့ မရနိုင်တဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေး အထူးသဖြင့် မူဆလင်ကမ္ဘာကို ဆန့်ကျင်ရေး ဖြစ်နေတယ်ဆိုတာပဲ” ဟု တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၏ သောကြာနေ့ အစီရင်ချက်တခုတွင် “အရေးပေါ်အခြေအနေ
ကြေညာပြီးနောက် သီတင်းပါတ် ခြောက်ပါတ် ကြာသည်အထိ လူမျိုးရေးအကြမ်းဖက်မှုများ မြန်မာပြည် အနောက် ဖက်ခြမ်းတွင် ဆက်ဖြစ်ပွားလျက် ရှိသည်။ လူနည်းစု မူဆလင် ရိုဟင်ဂျာများအား ဦးတည်ပြီး ရိုက်နှက်မှု၊ အဓမ္မပြုကျင့် မှုနှင့် သတ်ဖြတ်မှုများဖြစ်သည်” ဟု ပါရှိလာပြီးနောက် ထိုသို့ မူဆလင်ကမ္ဘာ၏ မြန်မာအစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

ထို့ပြင် တူရကီ NGO တခုဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ ဖောင်ဒေးရှင် (YHH)၏ ဇူလိုင် ၂ဝ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ဇွန်လတွင်း စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ရိုဟင်ဂျာ မူဆလင် ၁,ဝဝဝ ကျော် သေဆုံးခဲ့ရပြီး ၉ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ကျန်ခဲ့ရကြောင်း ရေးသားထားသည်ကို
တွေ့ရသည်။

သို့သော် မြန်မာအစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၅ဝ ဦး ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ၁၂ ဦး ထပ်မံသေဆုံး ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက် မတရားမှုများကို အစိုးရမှ စုံစမ်းရေးကော်မရှင် ဖွဲ့၍ စစ်ဆေးခဲ့ရာ ဖော်ထုတ် ရရှိချက်များကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

မေလ ၂၈ ရက်နေ့မှ ရမ်းဗြဲမြို့နယ်မှ မသီတာထွေး အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့မှု၊ ဇွန်လ ၃ ရက်နေ့က
တောင်ကုန်မြို့နယ်တွင် မူဆလင် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ်(၁)ရဲစခန်း တိုက်ခိုက်ခံရမှုတို့ကို ဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့က
ကြေညာထားသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။