Pages

Monday, April 23, 2012

Myanmar The Penal Code (မြန်မာနိုင်ငံ ရာဇသတ်ကြီး)၊အခန်း-၁၅၊ဘာသာသာသနာဆိုင်ရာ ပြစ်မှုများ။

လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုနှင့် ပြစ်မှုဆိုင်ရာဥပဒေများ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်လျှက်ရှိကြသော လူဦးရေ (၅၃)သန်းတို့အား အဟန့်အတားမရှိ မိမိသက်ဝင်ယုံကြည်ရာဘာသာသာသနာကို နိုင်ငံတော်မှ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာများမှာ နှစ်ပေါင်းများစွာကတည်းက သူ့သမိုင်း၊ သူ့ခေတ်၊ သူ့အချိန်၊ သူ့အခါနှင့် ရောက်ရှိလာသလို နိုင်ငံတော်အစိုးရသည်လည်းသူ့ခေတ်၊ သူ့အခါနှင့် လိုက်လျော်ညီအောင် ဘာသာရေးကိစ္စများဆောင်ရွက်ရန် ၀န်ကြီးဌာနကို သီးခြားဖွဲစည်းအုပ်ချုပ်စေလျှက်ရှိပါသည်။
ရှေးနှစ်ပေါင်းများစွာကတည်းက ဘာသာတစ်ခုနှင့်တစ်ခု အပြန်အလှန် ထောက်ထားစာနာလေးစားလျှက် တိုင်းးရင်းသာဘာသာဝင်များသည် အချင်းချင်း ရင်းနှီးချစ်ခင်မှုများ အပြည့်အ၀ရှိနေသည်ကို ကိုလိုနီနယ်ချဲ့အင်္ဂလိပ် တို့သည် မနာလိုမရှုစိမ့်ဖြစ်ကာ သွေးထိုးပေးမှုကြောင့် ဘာသာရေးအဓိကရုဏ်းများပေါ်ပေါက်ခဲ့ပါသည်။




သာသနာရေးဝန်ကြီးဌာနသည် ဦးစီးဌာနအသွင်ဖြင့် ၂.၃.၆၂ ခုနှစ်မှ ၂၀.၃.၉၂ ခုနှစ်အထိ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနလက်အောက်တွင် ရပ်တည်ခဲ့ပါသည်။ သာသနာတော်ထွန်းကား သန့်ရှင်းတည်တန့်ပြန့်ပွားရေး၊ ယဉ်ကျေးမှုဓလေ့ထုံးထမ်းစဉ်လာများ ပြန်လည်ပေါ်ထွန်းလာစေရေး စသည်တို့ကို ရည်မျှော်၍ သာသာနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနဟူ၍ ၂၀.၃.၉၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၃/၉၂ ဖြင့် သီးခြားစီ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်တောင်စုမြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသူများသည် မိမိတို့ကိုးကွယ်ယုံကြည်ရာဘာသာ သာသနာ၏ အဆုံးအမများကို လိုက်နာကျင့်သုံးကြသလို အခြားဘာသာ၊ သာသနာဝင်များ၏ အဆုံးအမကို လေ့လာသိရှိထားရန်လည်း လိုအပ်ပါသည်။ သို့မှသာလျှင် ဘာသာပေါင်းစုံ ချစ်ကြည်ရင်နှီးမှုများရရှိနိုင်မည်ဖြစ်ပါသည်။
သာသနာရေးဦးစီးဌာန၏-
မူဝါဒများမှာ-
-နိုင်ငံသားများ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို မှန်မှန်ကန်ကန်အပြည့်အ၀ ရရှိကြစေရန်၊
-ဘာသာရေးအဖွဲ့ခေါင်းဆောင်လူကြီးများ အခမဲ့ယာဉ်စီးခွင့်လက်မှတ်လှူဒါန်းပေးအပ်ခြင်း၊
-ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီးများတွင် ဘာသာရေးဆိုင်ရာ အသံလွှင့်ဟောပြောမှုကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
-ဘုရားဂေါပကများ၊ ဗလီဂေါပကများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဂေါပကများ၊ ဟိန္ဒူဘုရားကျောင်း ဂေါပကများအားလိုအပ်ပါက ကြီးကြပ်ကွပ်ကဲပေးခြင်း၊
-ဂေါပကစည်းမျဉ်းကျ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၉၂ အရအတည်ပြုနိုင်ရေးအတွက် ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်များ ပြန်ကြားပေးခြင်း၊
-နှစ်စဉ်ဘာသာရေးပြက္ခဒိန်ထုတ်ဝေခွင့်ပြုခြင်း၊
-ဘာသာရေးအဖွဲ့များသည် ပြည်ပဘာသာရေးဆိုင်ရာပစ္စည်းများ တင်သွင်းခြင်း၊ ပြည်ပသို့ယူဆောင်ရန်လျှောက်ထားလာသည့်ကိစ္စများကို စိစစ်ဆောင်ရွက်ပေးခြင်း၊
-ပြည်ပမှမြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၏ ပြည်ဝင်ခွင့်ကို စီစစ်ဆောင်ရွက်ပေးခြင်း၊
-ပြည်ပသို့သာသနာရေးရာကိစ္စဖြင့်သွားလိုသူဘာသာရေးအဖွဲ့အစည်းမှခေါင်းဆောင်များနှင့် သာသနာ့ဝန်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များရရှိရန် စိစစ်ဆောင်ရွက်ပေးခြင်း၊
-ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့သို့ ဟဂ်ျပြုနိုင်ရန်အတွက် နှစ်စဉ်ဟာဂျီလောင်း (၂၀၀) ကျော်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊
စသည်များကို ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးပါသည်။
နှစ်စဉ်ဘာသာရေးထောက်ပံမှုများပေးအပ်လျှက်ရှိသည့်အပြင် အခြားဘာသာဝင်များ၏ နေ့ကြီးရက်ကြီးများ အခမ်းအနားများနှင့် သင်တန်းများကို မိသားစုစိတ်ဓါတ်ဖြင့် နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်တက်ရောက်အားပေးခြင်းအားဖြင့် တိုင်းရင်းသားများမှာ မိမိတို့ယုံကြည်သက်ဝင်ကိုးကွယ်ရာ ဘာသာတရားကိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ခွင့်ရရှိခြင်းဖြင့် ဘာသာဝင်များအချင်းချင်း အပြန်အလှန်စာနာမှုရှိလာကြပြီး သာသာပေါင်းစုံ ချစ်ကြည်မှုရှိမှ နိုင်ငံတော်ကြီးအေးချမ်းသာယာမှုရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၈၆၁ ခုနှစ် မတ်(၁) ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ဘာသာပေါင်းစုံတို့အတွက် ရာဇသတ်ကြီးဥပဒေအခန်း (၁၅) ကိုပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံရာဇသတ်ကြီးဥပဒေ၌ ဘာသာသာသနာဆိုင်ရာပြစ်မှုများဟူသော အခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၂၉၆၊ ၂၉၇ နှင့် ၂၉၈ ဟူ၍ ဖော်ပြပါရှိပါသည်။
ပုဒ်မ ၂၉၅
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သော လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားရာ အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစ်စားက ယူဆတန်ရာသည် ဟုသိလျှက်နှင့်ဖြစ်စေ၊ မည်သူမဆို ထိုလူတစ်စားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးလျှင် သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင် သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျှက်ရှိသူများ ဘာသာသာသနာနှင့်ပတ်သက်၍ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားရာ ဘာသာဝင်တစ်ဦးသည် အခြားဘာသာဝင်များဝတ်ပြုရာနေရာ သို့တည်းမဟုတ် အထွဋ်အမြတ်ထားရာ အရာဝတ္ထုများကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း နှင့် စော်ကားခြင်းမပြုနိုင်ရန် ပြဌာန်းထားခြင်းဖြစ်ပါသည်။
ဘာသာသာသနာကိုစော်ကားလျှင် ကိုယ်အင်္ဂါကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော်လည်းကောင်း၊ အကျင့်စာရိတ္တကိုသော်လည်းကောင်း၊ စော်ကားသကဲ့သို့ အစော်ကားခံရသူအဖို့ နာကျည်းတတ်သဖြင့် လူတစ်စုနှင့်တစ်စု အဓိကရုဏ်းများဖြစ်ပွားရန် အကြောင်းပေါ်ပေါက်လာနိုင်ပါသည်။
လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာဟုဆိုရာတွင် ကိုးကွယ်ရာလူဦးရေနည်းသည်များသည်မဟူ လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာဝင်များနှင့် အကျုံးဝင်ပေသည်။ ကိုးကွယ်ဝတ်ပြုရန်နေရာနှင့် အရိုအသေပြုအပ်သောနေရာမတူချေ။`
ဥပမာ။ ။ အစ္စလာမ်ဘာသာဝင်များ အသိအမှတ်ပြုလက်ခံရာ ရောင်ဇာဂူဗိမာန်တည်ရှိရာနေရာများသည် ရိုသေအလေးထားရမည့်နေရာဖြစ်ပါသည်။ ၀တ်ပြုရာနေရာမဟုတ်ပါ။ ၀တ်ပြုရာနေရာသည်ကား ဗလီဝတ်ကျောင်းတော်များဖြစ်သည်ကို ခွဲခြားသိထားဖို့လိုပါသည်။
အထက်ဖော်ပြပါနေရာကို စော်ကားလျှင်ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၅ နှင့် ငြိစွန်းမှုရှိမည်ဖြစ်ပြီး ပြစ်ဒဏ်များကျခံရမည်ဖြစ်၍ အထူးသတိပြုရှောင်ရှားရန် အသိပေးရှင်းလင်းအပ်ပါသည်။
ပုဒ်မ ၂၉၅(က)
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်သောလူတစ်စား၏ ဘာသာရေးစိတ်ကို နားကျည်းစေရန် တမင် မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုလည်းကောင်း၊ ဘာသာ သာသနာရေးယုံကြည်မှုကို လည်းကောင်း စော်ကားလျှင် သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်
ဤဥပဒေပုဒ်မ ၂၉၅(က) ကို ၁၉၂၇ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ကိုမပြဌာန်းမီ ဘာသာရေးစိတ်ကို နာစေရန် နှုတ်ဖြင့်ပြောဆိုခြင်းကို ဥပဒေပုဒ်မ ၂၉၅ ဖြင့် အရေးယူခဲ့သည်။
အရေးအသားဖြင့် ပြုသောကိစ္စကိုမူ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၅၃(က) ဖြင့်အရေးယူပါသည်။ ယင်းဥပဒေပုဒ်မ ၁၅၃(က) မှာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ရန်ငြှိုးစိတ်ထားစေရန်နှင့် မုန်းတီးစိတ်ထားစေရန် အားပေးအားမြှောက်ပြုသည့် ကိစ္စအတွက်ဖြစ်၍ ဘာသာရေးစိတ်နာကျည်းစေရန် ကိစ္စနှင့် အကျုံးမသည့်အလျောက် ဤပုဒ်မကို ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။
ပုဒ်မ၂၉၆
ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော သို့တည်းမဟုတ် မိမိအလျောက်အနှောက်အယှက်ဖြစ်စေလျင် ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်
အထက်ပါပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၆ သည် လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို အနှောက်အယှက်ပြုခြင်းမှ အကာအကွယ်ပေးရန် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်ပါသည်။ သတိကြီးစွာဖြင့် ရှောင်ရှားရန်လိုအပ်ပါသည်။
ပုဒ်မ၂၉၇
တစ်ဦးတစ်ယောက်သောသူ စိတ်ကိုနာစေရန် အကြံဖြစ်စေ၊ တစ်ဦးတစ်ယောက်ကိုးကွယ် သည့်ဘာသာသာသနာကို စော်ကားရန်အကြံဖြစ်စေ၊ တစ်ဦးတစ်ယောက်သူ၏ စိတ်ကိုနာစေတန်ရာသည်ကို သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူကိုးကွယ်သည့် ဘာသာသာသနာကို စော်ကားတန်ရာသည်ကို သိလျှက်နှင့်ဖြစ်စေ၊ မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာ၌သော်လည်းကောင်း၊ သင်္ချိုင်း၌သော်လည်းကောင်း၊ အသုဘအခမ်းအနား ဆောင်ရွက်ရန် သီးတန့်ထားသည့်နေရာ၌သော်လည်းကောင်း၊ လူသေ အလောင်းထားသည့်သီးသန့်နေရာ ၌သော်လည်းကောင်း၊ ကျူးကျော်စော်ကားလျှင် သို့တည်းမဟုတ် သူသေအလောင်းကို မဖွယ်မရာပြုလျှင် သို့တည်းမဟုတ် အသုဘအခမ်းအနားကျင်းပဆောင်ရွက်ရန် စုဝေးနေသူများကို အနှောက်အယှက်ဖြစ်စေလျှင် သို့တည်းမဟုတ် အသုဘအခမ်းအနားကျင်းပဆောင်ရွက်ရန် စုဝေးနေသူများကို အနှောက်အယှက်ဖြစ်စေလျှင် ထိုသူကို တစ်နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်
မြန်မာနိုင်ငံသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ သေသူကို ရှင်သူများ ကြည်ညိုလေးစားကြသည့်အတိုင်း လူသေအလောင်းမြှပ်နှံရာ မီးသဂြိုလ်ရာနေရာများသို့ ၀င်ရောက်စော်ကားခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ထိုပြင် သူသေအလောင်းကို မဖွယ်မရာပြုလျှင်သော်၎င်း၊ အသုဘအခမ်းအနားကျင်းပရန် စုဝေးနေသူများကို နှောင့်ယှက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇ နှင့် အကျုံးဝင်မည်ဖြစ်ပါသည်။
သူတစ်ထူး၏ နာရေးကိစ္စသည် သာရေးကိစ္စနှင့်မတူသည်ကို အထူးသတိပြုရမည်ဖြစ်သည်။ နာရေးကိစ္စအတွက် အပူမီးတောက်နေသောအချိန်ဖြစ်နေ၍ ပိုမိုသတိထားရမည်ဖြစ်ပါသည်။ ဤနေရာတွင် မိမိသည် သူတစ်ပါး၏ အပူမီးအေးချမ်းစေရန် အကူအညီပေးသူသာဖြစ်သင့်သည်။ အနှောင့်အယှက်ပေးသူဖြစ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၇ နှင့်အရေးယူအပြစ်ပေးခံရမည်ဖြစ်၍ သတိကြီးစွာရှောင်းရှားရန် လိုအပ်ပါသည်။
ပုဒ်မ ၂၉၈
တစ်ဦးတစ်ယောက်သောသူ၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင်ကြံ၍ မည်သူမဆို ထိုသူကြားလောက်သောနေရာမှ စကားပြောဆိုလျှင် သို့တည်းမဟုတ် အသံတစ်ခုခုကို ပြုလျှင် သို့တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် အရာဝတ္ထုတစ်ခုခုကိုထားလျှင် ထိုသူကို တစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
ရှင်းလင်းချက်
ဘာသာရေးနှင့်ပတ်သက်၍ လွတ်လပ်စွာဟောပြောခွင့်ပေးထားရာ လွတ်လပ်စွာဟောပြောရာ၌ အခြားသူတစ်ဦးတစ်ယောက်၏ ဘာသာရေးစိတ်ကို ထိခိုက်နာကျည်းစေရန် အကြံဖြင့်တမင်ပြုခြင်းကို တားမြစ်ရန်အတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၈ ကိုပြဌာန်းထားခြင်းဖြစ်ပါသည်။
အထူးသဖြင့် ဟောပြောသူများနှင့်သက်ဆိုင်ပေသည်။ မိမိဟောပြောချက်သည် လူတစ်ဦး တစ်ယောက်အားဦးတည်၍ ပြောဆိုချက်မဖြစ်စေရန် သတိပြုရမည်ဖြစ်ပါသည်။ ဟောပြောသူ၏ ဟောပြောချက်သည် သူတစ်ပါး၏ ဘာသာရေးစိတ်ကိုနာကျည်းစေလျှင် ပြုပြင်သင့်ပြုပြင်အပ်သည့် ကိစ္စကို ဖော်ထုတ်ခြင်းသာဖြစ်သည်ဟု ထုချေခြင်းမပြုနိုင် သို့ဖြစ်၍ သတိကြီးစွာဖြင့်ဟောပြောရန်လိုအပ်ပါသည်။ သတိမပြုဘဲစည်းမဲ့ကမ်းမဲ့ဟောပြောပါက ယင်းဥပဒေပုဒ်မ ၂၉၈ နှင့် ငြိစွန်းမည်ဖြစ်၍ ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
ယခုလို လေ့လာသိရှိသမျှ စုဆောင်းရေးသားတင်ပြရခြင်းသည် စာပေမြတ်နိုးသူများ၊ ဖတ်ရှုသူများနှင့် ဟောပြောသူများ ဗဟုသုတရရှိစေလိုသော စေတနာဖြင့်လည်းကောင်း သာသနာရေးဆိုရာ ပြစ်မှုများကို အလေးထားသတိပြုဆင်ခြင် တုံတရားဦးစားပေးရှောင်ကြဉ်ခြင်းအားဖြင့်လည်းကောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းနိုင်ကြစေရန် စေတနာဖြင့် သတိပေး ရေးသားဖော်ပြအပ်ပါသည်။

ကိုးကားချက်။ ။ (၁) မြန်မာနိုင်ငံတိုင်းကျိုးပြည်ကျိုးပြု နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက် သမိုင်းမှတ်တမ်းများစာအုပ် ပထမတွဲ၊ ဒုတိယတွဲ နှင့် တတိယတွဲ။
(၂) ဦးစီးအရာရှိ (ပထမတန်း) ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှုးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနထုတ် ``သာသနာရောင်ဝါ ထွန်းစေဖို့´´။
(၃) ထွန်းမြတ် (ဘိုတထောင်)ဆောင်ပါး၊ နိဗ္ဗာန်ဆော်စာစောင် ၅၆ နှစ်မြောက်အထူးထုတ်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။