Pages

Saturday, April 21, 2012

ထိုင်းနိုင်ငံ၌ မြန်မာယာယီပတ်စပို့ ထုတ်ပေးရေးရုံးဖွင့်လှစ်

ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စပို့စ်ထုတ်ပေး ရေးရုံး (၂) ရုံးကို ဘန်ကောက်နှင့် စမုတ်ပရာကန်တွင် ယမန်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် တနင်္လာနေ့ မနက် (၉) နာရီတွင်လည်း ချင်းမိုင်၊ စမုတ်ဆာခွန်နှင့် ဆူရတ်ဌာနီ တွင် စင်တာ (၃) ခု ထပ်မံဖွင့်လှစ်ဦးမည်ဟု လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ Mr. Andy Hall က အာအက်အေကို ပြောကြားခဲ့ပါသည်။

“ဒါဟာ မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းရဲ့ တိုက်တွန်းတောင်းဆိုမှု ကြောင့် ဖွင့်ဖြစ်တာပါ။



ဒီလိုဖွင့်လှစ်တာဟာ ထိုင်းနဲ့မြန်မာ အစိုးရနှစ်ရပ်လုံးက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို အသိအမှတ်ပြုတာ ဖြစ် သလို၊ ကုန်ကျစရိတ် သက်သာစေဖို့ ဆောင်ရွက်ပေးတာဖြစ်တယ်” ဟု ပြောပါသည်။

ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မြန်မာအလုပ်သမား ဒုတိယဝန်ကြီး ဦးမြင့်သိန်းသည် ထိုင်းအစိုးရအာဏာပိုင်များ အပါ အ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးကို ဘန် ကောက်မြို့တွင် ဧပြီ (၁၉) ရက်နေ့က ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် NGO တခုမှ ကိုယ်စားလှယ်တဦးက ပြော ပါသည်။
“ ဒီထိုင်းနိုင်ငံမှာ နိုင်ငံသားစီစစ်ရေးရုံး (၅) ရုံးထပ်ဖွင့်မယ်။ ဖွင့်ဖို့အတွက် ထိုင်းဘက်က နှောင့်နှေးနေတာကို အမြန်ဆုံးဖွင့် လှစ်အောင်လာပြီး ဆွေးနွေးတယ်၊ နောက်ပြီးတော့ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ တရားဝင် အလုပ်သမားတွေ ဆန္ဒပြကြ တဲ့ ကိစ္စ၊ စာချုပ်ချုပ်ထားတဲ့ အတိုင်း လုပ်အားခမရတဲ့ ကိစ္စဖြေရှင်းဖို့အတွက် ဒုဝန်ကြီးကဆွေးနွေး သွားပါတယ်၊”

Visa
မြန်မာအစိုးရ အလုပ်သမားအရာရှိနှင့် သံရုံးကိုယ်စားလှယ် တချို့သည် မကြာသေးခင်က ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ သည့် ဆောင်ခလာခရိုင်က ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံကို ယမန်နေ့က သွားရောက်ပြီး မြန်မာလုပ်သားအရေး ကိုဆွေးနွေးဖြေရှင်းခဲ့ပါသည်၊ ထို့အပြင်လာမည့် တနင်္လာနေ့တွင် လည်း ဒုတိယမြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ လည်း ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာကို သွားရောက်မည်ဖြစ်သည်ဟု လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ Mr Andy Hall ကဆိုပါသည်။
Source: RFA

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။