Pages

Thursday, April 26, 2012

သမ္မတကြီးထံသို့ ပြည်တွင်းမှ ရင်ဖွင့်သံ

သမ္မတကြီးဦးသိန်းစိန် သို့ ပေးစာ …..

သမ္မတကြီးရှင် —
ကျွန်မအဖေမှာ ယခုလည်ချောင်း အသံကြောတွင် ကင်ဆာဖြစ်နေသည်ဟု သိရပါသည်။ ဓါတ်ကင်ရမည်ဟု ဆရာဝန်ကြီးမှ ပြောသောအခါတွင် တောင်ကြီးဆေးရုံသို့ လွှဲစာရေးပေးပါသည်။အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် ဓါတ်ကင်ရန် (၅)လခန့် ၊ မန္တလေးတွင် (၂)လခန့် ၊ တောင်ကြီးတွင် အစောဆုံး ဖြစ်နိုင်ကြောင်းနှင့် (၁)လခန့်လောက်သာ စောင့်ရမည်ဟု ပြောပါတယ်။



တာဝန်ကျ ဆရာဝန်ကြီးများအားလုံး လူနာများကို သေချာကုသ လုပ်ကိုင်ပေးကြပါတယ်။ ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်မိတာ ဒီဓါတ်ရောင်ခြည်စက် နည်းပါးတာကိုပါ။
မြန်မာနိုင်ငံက ဓါတ်ရောင်ခြည်ဌာနတွင်လည်း လူနာများစွာ တွေ့ရပါသည်။ ဘာလို့ ဓါတ်ရောင်ခြည်စက်က (၃)နေရာမှာပဲ ရှိရတာပါလဲ …? ။
တောင်ကြီးမှာ ကုသလျှင် မြန်ဆန်နိုင်သည် ဆိုတော့လည်း မိသားစုလိုက် လိုက်ပါကူညီ အားပေးနိုင်ရန် ခက်ခဲပါသည်။ ရန်ကုန်မှာဆိုရင်လျှင် ဆွေမျိုးများ အားလုံးကလည်း အားပေးနှစ်သိမ့်နိုင်တယ်၊ အားလုံးကလည်း ၀ိုင်းဝန်းကူညီနိုင်တယ်၊ ဖုန်းလေးတချက်ဆက်ယုံနဲ့တင် ၁နာရီအတွင်း ရောက်လာနိုင်ပါသည်။ တောင်ကြီးတွင် သွားရောက်ကုသရမယ် ဆိုရင် လူနာစောင့် ၂ယောက်အပြင် အပိုလူများ ကူညီနိုင်မည်မဟုတ်ပါ ။ထိုကြောင့် လူနာတွင်လည်း စိတ်ဓါတ်ကျဆင်းမှုနှင့် ကင်ဆာဆေးဒဏ်များကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။
ဓါတ်မကင်ခင် သွင်းရသောကင်ဆာဆေးမှာလည်း အလွန်ပြင်းထန်သောကြောင့် ဓါတ်ကင်ရန် စောင့်စားနေချိန် ကာလတွင် ကင်ဆာဆေးဒဏ်မခံနိုင်သော ၊ရောဂါကျွမ်းနေသော လူနာများအတွက် ရင်လေးမိပါသည် ။
နိုင်ငံခြားမှာ ခွဲစိတ်ကုသဖို့ဆိုတော့လည်း သိန်း(၂၀၀)လောက် ကုန်ကျမှာမို့ ပိုက်ဆံတတ်နိုင်သူများမှာ အခက်အခဲမရှိသော်လည်း ကျမတို့လို သာမန်လူတန်းစားများအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်သာ သွားရောက်ကုသနိုင်ပါသည်။
သမ္မတကြီးရှင် မြန်မာနိုင်ငံမှာ ကျန်းမာရေးအတွက် ဓါတ်ရောင်ခြည်စက် လုံလောက်စွာ တင်သွင်းရန် ခက်ခဲမှုရှိနေပါသလား …? ။
ယခုလိုတိုးတက်နေသော မြန်မာနိုင်ငံမှာ အပြင်ဆေးခန်း၊ ဆေးရုံတွေမှာ လူတွေအဖြစ်များနေတဲ့ ကင်ဆာရောဂါကုသဖို့ ဓါတ်ရောင်ခြည်စက်တွေ အလုံအလောက် တင်သွင်းတပ်ဆင်ပေးဖို့ သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီး၊ တာဝန်ရှိသူများ သိစေချင်ပါသည်။
လွှတ်တော်မှာ ဓါတ်ရောင်ခြည်စက်နဲ့ ပတ်သတ်ပြီး ပြောသွားတယ်လို့ ကြားပါတယ်ရှင့်။ ဂျာမနီနိုင်ငံက ဓါတ်ရောင်ခြည်စက် (၃)လုံး မှာထားတယ်လို့ဆိုပြီး အခုထိရောက်ရှိကြောင်း သတင်းမကြားမိသေးပါ။ ကင်ဆာဝေဒနာရှင်ဖြစ်တဲ့ လူတွေ (၃)သောင်း၊ (၃)သိန်းလောက် အသက်ဆုံးရှုံးပြီးမှသာ အဲ့ဒီစက်တွေရောက်ရှိလာပါလျှင်…………….ခေတ်မီတိုးတက်နေသော မြန်မာနိုင်ငံဟု ဆိုနိုင်ပါအုံးမလားရှင့်။
(ရန်ကုန်သူ)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။