
ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်တွင် ဧပြီလ ၂၁ ရက်နေ့က လွှတ်တော် အမတ် ဦးဇေယျာသော် လွှတ်တော်တက်လျှင် ဝတ်ဆင်ရမည့် အမျိုးသား ဝတ်စုံ စမ်းသပ်ဝတ်ဆင်နေစဉ် (ဓာတ်ပုံ - Reuters / Soe Zeya Tun)
“ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ တက်ရောက်တာနဲ့ပတ်သက်လို့ ဒီစကားလုံးက သိပ်ပြီး ထူးခြား၊ ထိရောက်တာလည်း မရှိပါဘူး။
ဒါရေးထားတဲ့အတွက် မပြောရဘူး၊ မဆိုရဘူးလို့ ပိတ်ပင်ထားတာလည်း မရှိဘူးလို့ ကျနော် ထင်ပါတယ်။ အဲဒါကြောင့် ဒီဥစ္စာနဲ့ပတ်သက်လို့တော့ ဘာမှလည်း သိပ်ထူးထူးခြားခြား မရှိတဲ့အတွက် ဘာမှလုပ်စရာ မလိုဘူးလို့ ထင်ပါတယ်” ဟု ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့လွှတ်တော်တွင် တက်ရောက်နေသည့် တိုင်းရင်းသားပါတီတခုက အဆိုပါ ကျန်းကျိန်စာသား အသုံအနှုန်းကို ပြောင်းလဲပေးရန် အဆိုတင်မည်ဟု သတင်းကြားသိရကြောင်း၊ ၎င်းပါတီက ၂၀၁၀ လွှတ်တော်တွင်း ဝင်ရောက်ကြရာတွင် ကြံ့ခိုင်ရေးပါတီနှင့်အတူ သဘောတူ ကျမ်းကျိန်ခဲ့ကြသူများ ဖြစ်သော်လည်း ယနေ့ ကန့်ကွက်ရန် ပြင်ဆင်လာခြင်းကို နားမလည်နိုင်ကြောင်း ဦးဌေးဦးက ဆက်လက်ပြောသည်။
ကျမ်းကျိန်စာသားကို ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ရောက်ရှိလာမည်ကို ကြိုဆိုသော်လည်း လွှတ်တော်တက်ရေး၊ မတက်ရေးသည် ကာယကံရှင်များ၏ ဆန္ဒအတိုင်းသာဖြစ်ကြောင်း ဂျပန်နိုင်ငံ Kyodo သတင်းဌာနက ဖော်ပြထားသည်။
သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာဟာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်မှာပါ။ ကျနော်တို့ လွှတ်တော်ကြီးကတော့ ကြိုဆိုနေမှာပါ” ဟု ဆိုသည်။
ထို့အပြင် AP သတင်းတပုဒ်တွင် သမ္မတ ဦးသိန်းစိန်က ပြည်သူများ၏ အကျိုးစီးပွားအတွက် တူညီသောလမ်းကို လျှောက်လှမ်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟုလည်း ပြောကြားခဲ့သည်။
NLD က ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာဝင်ရောက် ရွေးချယ်ခံခဲ့သည့် အနက်မှ ၄၃ နေရာတွင် ဆန္ဒမဲအပြတ်သတ်အနိုင်ရရှိခဲ့ပြီး ကျန်းကျိန်စာ အသုံးနှုန်း မပြင်ပေးခဲ့သည့်အတွက် ယနေ့ ပြန်လည်ကျင်းပသော ပြည်သူ့ လွှတ်တော်သို့ တက်ရောက်ကြခြင်းမရှိသေးပေ။
ယခုကဲ့သို့ NLD အမတ်များ လွှတ်တော်တက်ရန် အခက်ခဲဖြစ်နေမှုနှင့် ပတ်သက်၍ လွှတ်တော်တာဝန်ရှိသူများထံ NLD က ဥပဒေအကြံပြုလွှာ တစောင်ပို့ထားကြောင်း သိရသည်။
NLD မပါဝင်သေးသော ယခု လက်ရှိကျင်းပနေသည့် နေပြည်တော် လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၅၂.၃ ရာခိုင်နှုန်းနှင့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် နေရာယူထားသည်။
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။