Pages

Friday, April 20, 2012

ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးပွဲ အခမ်းအနားအတိုင်း နော်ဝေးနိုင်ငံက ဂုဏ်ပြုကြိုဆိုမည်

DASSK in Kalawလာမဲ့ ဇွန်လအတွင်း နော်ဝေးနိုင်ငံကို အလည်အပတ်ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးနိုင်ငံက နှစ်စဉ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပလေ့ရှိတဲ့ အော်စလိုရှိ မြို့တော်ခန်းမမှာ နိုင်ငံတော်အခမ်းအနားပုံစံအတိုင်း ဂုဏ်ပြု ကြိုဆိုမှာဖြစ်တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီအကြီးအကဲတဦးက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၈ ရက်နေ့) တွင် ပြောဆိုခဲ့ပါတယ်။
 
 
 
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အတွက် နော်ဝေးနိုင်ငံကို ရွေးချယ်တာ ကျနော်တို့ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်သြ၀ါဒစကားကို ချီးမြှင့်ပေးမှာဖြစ်ပါတယ်” လို့ အဆိုပါ နိုဘယ်လ်ကော်မတီ အကြီးအကဲက နော်ဝေးနိုင်ငံ NRK2 ရုပ်မြင်သံကြားအစီအစဉ်မှ ထုတ်ဖော် ပြောဆိုသွားပါတယ်။
ဇွန်လတတိယပတ်အတွင်း ကျင်းပမယ်လို့ ခန့်မှန်းရတဲ့ အဲဒီအခမ်းအနားကို နော်ဝေးဘုရင်နဲ့ တော်ဝင်မိသားစုလည်း တက်ရောက်မှာဖြစ်သလို၊ နိုင်ငံတကာ ဧည့်သည်တချို့နဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တချို့လည်း တက်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ တီးမှုတ် ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်သလို၊ အော်စလိုအပြင် ဘာဂင်မြို့ကိုလည်း သွားရောက်လည်ပတ်ဖို့ အစီအစဉ် ရှိပါတယ်” လို့ အဆိုပါ နိုဘယ်လ်ကော်မတီ အကြီးအကဲက NRK2 ရုပ်မြင်သံကြားသတင်းထောက်ကို ပြောခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အခုလို သီးသန့် အခမ်းအနား စီစဉ်မှုဟာ ယခင်က တကြိမ်မှ မရှိခဲ့တဲ့ အစဉ်အလာတခုကို ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ရန်ကုန်မြို့က နေအိမ်မှာ အကျယ်ချုပ် ကျနေခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တာကလည်း နိုဘယ်ဆုသမိုင်းမှာ ယခင်က တခါမှ မရှိခဲ့ဘူးတဲ့ အကျဉ်းကျနေသူတယောက်ကို ပထမဆုံးပေးတဲ့ဆုလည်း ဖြစ်ပါတယ်။
အဲဒီတုံးက အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရကတော့ အဆိုပါ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကန့်ကွက် ရှုံ့ချခဲ့ပြီး အနောက်အုပ်စုတွေရဲ့ ပြည်တွင်းနိုင်ငံရေး စွက်ဖက်တဲ့လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။ နှစ်စဉ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်တိုင်း အမြင်မတူမှုတွေနဲ့ အငြင်းပွားလေ့ရှိတဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီ အတွင်းမှာတော့ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ရာမှာ မကြုံစဖူး တူညီတဲ့ သဘောထားအမြင်တွေ ရခဲ့တယ်လို့ သိရပါတယ်။ ထိုစဉ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ခင်ပွန်းဖြစ်သူ မိုက်ကယ်လ်အဲရစ်စ် (Michael Aris) နဲ့ သားနှစ်ယောက် တက်ရောက်ပြီး ဆု လက်ခံခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းသည် မိုက်ကယ်အဲရစ်စ် ဟာ ၁၉၉၉ မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့) မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ ခင်ပွန်းသည် အသည်းအသန် ဖြစ်နေစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြည်ပထွက်ခွာလိုရင် စီစဉ်ပေးဘို့် စစ်အစိုးရကဆန္ဒ ရှိခဲ့ပေမဲ့ (ပြည်ပကို ထွက်ခွာပြီးရင် မြန်မာပြည်ထဲကို ပြန်ဝင်ခွင့် ပေးမှာ မဟုတ်တဲ့အတွက်) ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှစပြီး ၂၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သူရဲ့ဂတိအတိုင်း နော်ဝေးနိုင်ငံကို လာရောက်လည်ပတ်တော့မှာ ဖြစ်ပါတယ်။ ”နော်ဝေးနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ကူညီတဲ့နိုင်ငံ ဖြစ်တယ်။ တကယ်လို့များ အခွင့်အခါပေးလို့ ပြည်ပ ထွက်ခွင့်ရမယ်ဆို၊ နော်ဝေးနိုင်ငံကို ရွေးချယ်မှာဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၄ ခုနှစ် နေအိမ် အကျယ်ချုပ်ကျနေစဉ် သူ့ကို လာရောက် တွေ့ဆုံခဲ့တဲ့ အမေရိကန် ကွန်ဂရက်အမတ် ဘီလ် ရစ်ချပ်ဆန်ကို ပြောကြားခဲ့ဘူးပါတယ်။
နှစ်စဉ်နှစ်တိုင်း ၁၉၀၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့တဲ့ နိုဘယ်လ်ဆုဟာ ၁၈၉၅ ခုနှစ်က ရေးသားခဲ့တဲ့ သိပ္ပံပညာရှင် အဲလ်ဖရဒ် နိုဘယ်လ် (Alfred Nobel) ရဲ့ သေတမ်းစာနဲ့အညီ ကမ္ဘာပေါ်က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ (သို့) တွေးခေါ်ပညာရှင်၊ စာပေပညာရှင်နဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သူများကို ပေးအပ်ခဲ့ ဆု ဖြစ်ပါတယ်။ နိုဘယ်လ် ဆု ပေးအပ်ရေးအဖွဲ့ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် တည်ရှိပြီး ဆုများ ရွေးချယ်ကာ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပါတယ်။ နိုဘယ်လ် ဆုရရှိသူအား နိုဘယ်လ်ဆုတံဆိပ်၊ နိုဘယ်လ်ဆု ဒီပလိုမာနဲ့ ငွေသားများ ချီးမြှင့်လေ့ရှိပါတယ်။
 
 
 
 
 
 

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။