Pages

Monday, April 23, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း


 
 
ကျွန်တော် ဘီ-အိုင်-အေ ၊ ဘီ-ဒီ-အေ ပြည်သူ့ဆေးရုံကြီးအကြောင်းရေးသားနေစဦ “ကြိုးချင်းထား ကြိုးချင်းညိ“ အခန်းကဏ္ဍမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် ၊ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီး ၊ တို့ညားကြလေသတည်း ရေးအပြီးမှာ သူတို့မယားညီအကို အကြောင်းနှင့် နှီးနွယ်ပြီး ရေးချင်စရာတစ်ခု ကြုံကြိုက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ပြောကြ ၊ ဆိုကြ ၊ ညင်းခုံကြ ၊ သဘောထားကွဲလွဲကြပါတဲ့ နိုင်ငံရေးအကြောင်းဖြစ်ပါတယ် ၊ (ကွန်မြူနစ် သခင်သန်းထွန်းတို့က မကျေနပ် လို့ ဖ-ဆ-ပ-လ အဖွဲ့ထဲမှ ထွက်မယ်ပြောခဲ့ရာ ဖ-ဆ-ပ-လ အဖွဲ့က ထုတ်ပြစ်မယ်ဟု ပြန်ပြောခဲ့တဲ့ အကြောင်း တို့ဖြစ်ပါတယ်)
 
 
 
 
 
နိုင်ငံရေး မလုပ်တော့ဘဲ စာရေးမယ်ဆိုတဲ့ ဦးနု
အဲဒီအချိန်ကာလမှာ ဦးနုက သူနိုင်ငံရေးက ထွက်မယ်။ နိုင်ငံရေးကထွက်ပြီး သူရေးချင်တဲ့ နိုင်ငံရေး စာအုပ်တွေကို ရေးဘို့ကြိုးစားမယ် ၊ ဘာသာရေးစာအုပ်တွေလည်း ရေးသားမယ် ၊ နိုင်ငံရေးမလုပ်တော့ဘူး လို့ ဦးနုက ပြောလိုက်တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။
ခောတ်ကာလ အချိန်ကာလကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီ၍ မြန်မာနိုင်ငံကို ဘုရင်ခံ ဆာဒေါ်မန်စမစ် ၁၉၄၅ ခုနှစ်မှ စ၍ အုပ်စိုးစဉ်ကာလမှာ ဘုရင်ခံက ယာယီအစိုးရဖွဲ့ရန် နိုင်ငံရေးအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင် တွေနဲ့ တွေ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အစိုးရအဖွဲ့ ၁၁ နေရာအနက် ဖ-ဆ-ပ-လ ကိုယ်စားလှယ် ၇-နေရာပေးဘို့တောင်းပါတယ်။ ဘုရင်ခံက ၂ – နေရာပဲပေးပါတယ်။ ဒါကို ဖ-ဆ-ပ-လ အဖွဲ့ချုပ်က ညင်းပယ် လိုက်ပါတယ်။ ဒါကြောင့် ဘုရင်ခံအစိုးရ အဖွဲ့နဲ့ ဖ-ဆ-ပ-လ အဖွဲ့ အကွဲကြီးကွဲသွားကြတယ်။ အခြားအကြောင်းအရာတွေ ကြောင့်လည်း ပြည်သူလူထုကပါ ဘိလပ်အစိုးရအပေါ် မကျေမနပ်ဖြစ်လာခဲ့တယ်။
စာရေးဆရာဦးနု ဘုရင်ခံထံစာရေး
စာပဲရေးနေတော့မယ်ဆိုတဲ့ စာရေးဆရာ ဦးနုဟာ နိုင်ငံရေးမလုပ်တော့ဘူး ဆိုပါသော်လည်း အခုအချိန်အခါ မြန်မာပြည်မှာ မညိမ်မသက်ဖြစ်လာတဲ့အချိန်အခါ ဦးနု မနေသာတော့ပါဘဲ သူရေးနေတဲ့ စာအုပ်တွေ ဘေးချထားလိုက်ပြီး သူစာရေးရန် မော်လမြိုင်ကျွန်း ရောက်နေရာက နေပြီး ဘုရင်ခံ ဆာဒေါ်မန် စမစ်ကို စာအရှည်ကြီး ရေးလိုက်ပါတယ်။
“ကျားသေ“နိုင်ငံရေးသမားဟောင်းတွေ
စာရဲ့ အကျဉ်းချုပ်ကတော့ ဘုရင်ခံအသိအမှတ်ပြုပြီး နိုင်ငံတော်အတွက် တာဝန်ပေးမယ့် နိုင်ငံရေးသမားဟောင်း တွေဟာ နိုင်ငံအတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးကျားသေ“ကြီးတွေ ဖြစ်နေပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ပြည်သူလူထုတစ်ရပ်လုံး ရဲ့ တခဲနက် ထောက်ခံမှုရနေတဲ့ အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်သူ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေပါရက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့တောင်းဆိုချက် ကို လက်မခံဘဲ နိုင်ငံရေး ကျားသေအိုကြီးတွေနဲ့ အစိုးရဖွဲ့ထားတာဟာ မှားတယ် ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တောင်းဆိုချက်ကို အမြန်ဆုံးလက်ခံပြီး ဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ ကိုယ်စားလှယ်အဖွဲ့ အစိုးရဖွဲ့ပါ — အစရှိသဖြင့် ဦးနုက ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အကျယ်တဝင့်တိုက်တွန်းထားပါတယ်။
ဦးနုကို ဘုရင်ခံဘိတ်ခေါ်
တနင်္ဂနွေ တစ်ပါတ် လောက်ကြာတော့ မော်လမြိုင်ကျွန်းမှာ စာရေးနေတဲ့ ဦးနုကို ဘုရင်ခံက လာရောက် တွေ့ဆုံဖို့ ဖိတ်ခေါ်ပါတယ်။ ဘုရင်ခံနဲ့တွေ့တော့ ဦးနုက ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူ လူထုရဲ့ထောက်ခံမှုကို ကောင်းစွာရနေတဲ့အကြောင်း ၊ ဗိုလ်ချုပ်နဲ့ ဘုရင်ခံကိုတွေ့ဆုံကြဘို့ တိုက်တွန်းလိုက် ပါတယ်။
ဗိုလ်ချုပ်နဲ့ ဘုရင်ခံတွေ့ဆုံရန် သဘောတူလိုက်လို့ ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်နဲ့ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံကို သွားတွေ့ကြတယ်။ တွေ့တဲ့အခါ ဘုရင်ခံက အစိုးရအဖွဲ့ထဲကို ဗိုလ်ချုပ်အောင်ဆန်းဝင်ရန် တိုက်တွန်းတယ်။ ဗိုလ်ချုပ်က သူတောင်းဆိုထားတဲ့ တောင်းဆိုချက်ကို လက်ခံဘို့ ဘုရင်ခံကို ပြောပါတယ်။
ဘုရင်ခံနေမကောင်း၍ ပြန်
အဲဒီရက်အတွင်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ နေမကောင်းလို့ ရာထူးက နှုတ်ထွက်ပြီး ဘိလပ်ပြန်ရမှာမို့ ဗိုလ်ချုပ်ရဲ့တောင်းဆိုချက်ကို ဘိလပ်အစိုးရ လက်ထဲအရောက် ပို့ပေးပါ့မယ်လို့ တာဝန်ယူ ဝန်ခံလိုက်ပါတယ်။ ဗိုလ်ချုပ် နဲ့ ဘုရင်ခံတို့ ပြေလည်သွားတယ်ဆိုတဲ့ သဘောပါပဲ။
ဘုရင်ခံ စာရေးထားခဲ့
သူ့ကိုယ်စား ဘုရင်ခံ တာဝန်ယူမည့်သူထံ ဆာဒေါ်မန်စမစ်က စာတစ်စောင်ေ၇းထားခဲ့တာကတော့ ကျွန်ုပ်ဟာ ဗိုလ်ချုပ်ကို ရိုးသားတည်ကြည်သူ အဖြစ် နဲ့လက်ခံတယ်။ သူ့ရဲ့ ဖ-ဆ-ပ-လ အဖွဲ့တစ်ဖွဲ့တည်းသာ လျှင် တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပျံ့ပျံ့ စည်းရုံးနိုင်တဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တယ်။ ဗိုလ်ချုပ်ဟာ ငြိမ်းချမ်းေ၇းနဲ့ ငြိမ်ဝပ်ပိပြားရေးကို ရရှိအောင် ကြိုးစားနေတယ်လို့ ကျွန်ုပ်ယူဆတယ်— အစရှိသည့် အချက်တို့ကို ဆာဒေါ်မန်စမစ်က ထည့်သွင်း ရေးသားခဲ့တာ တွေ့ရှိရပါတယ်။
ဦးနု မပြန်ရန် တားကြ
ဘုရင်ခံနဲ့တွေ့အပြီး ဦးနု မော်လမြိုင်ကျွန်းကို မပြန်ရန် အားလုံးက တောင်းပန်ကြသော်လည်း စာပြန်ရေးမယ် ၊ ပြန်တော့မယ် လို့ဆုံးဖြတ်ပြီး ဦးနု မော်လမြိုင်ကျွန်းကို ပြန်သွားတယ်။ နိုင်ငံရေးတစ်အုပ် ရေးပြီးတဲ့အခါ ဦးနုကြားတာက ဘုရင်ခံနဲ့ တွေ့အပြီး မှာ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖ-ဆ-ပ-လ အဖွဲ့ကို အကျေမချမ်းနိုင်ဖြစ်ပြီး သဘောကွဲလွဲနေကြတယ်လို့ ဦးနု ကြားသိရပါတယ်။ ကြားရုံတင်မဟုတ်ဘူး။ ကွန်မြူနစ်တွေ မြှောက်ပေးလို့ တောင်သူလယ်သမားတွေ မော်လမြိုင်ကျွန်းမှာ စီတန်းလှည့်လည်၍ ဆန္ဒပြကြတာ ဦးနုကိုယ်တိုင်တွေ့လိုက်တယ်။
ကွန်မြူနစ်တွေ ဗိုလ်ချုပ်ကို ထိပါး
ဦးနု တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဗိုလ်ချုပ်လုပ်နေတာတွေ ကောင်းပါရက်နဲ့ ကွန်မြူနစ် မြှောက်ပေးလို့ တောင်သူလယ်သမားတွေ လုပ်ကြတာဘဲလို့ ဦးနုယူဆချက်နဲ့ ရန်ကုန်ကို ချက်ချင်းပြန်လာ ခဲ့တယ်။
ဦးနု သခင်သန်းထွန်းကိုပြော
ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှာ သခင်သန်းထွန်းနဲ့ တွေ့တွေ့ချင်း ဦးနုပြောလိုက်တာကတော့ “ကိုသန်းထွန်း ခင်ဗျားတို့ သိဘို့ကောင်းတာက တစ်နိုင်ငံလုံးစည်းရုံးပေးနိုင်တာ ကိုအောင်ဆန်း တစ်ယောက်ပဲ ရှိတယ်ဆိုတာ သိဖို့ကောင်းတယ်–ခင်ဗျားတို့လဲ စုစည်းမပေးနိုင်ဘူး ၊ ကျုပ်လဲ စုစည်း မပေးနိုင် ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးက လွဲလို့ ဘယ်သူမှစုစည်းမပေးနိုင်ဘူး ။ပြည်သူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းက လွဲလို့ ဘယ်သူ့ကိုမှ မထောက်ခံဘူး ၊ မယုံကြည်ကြဘူး။ ဒါကြောင့် ပြည်သူတို့ ဗိုလ်ချုပ်ကို လေးစားနေတဲ့ လေးစားမှုကို မပျောက်ပျက်စေချင်ဘူးဗျာ– “လို့ ဦးနုက သခင်သန်းထွန်းကို ပြောပါတယ်။
ပြန်လိုက် သွားလိုက် ဦးနု
ဦးနု ရန်ကုန်ကနေ မော်လမြိုင်ကျွန်းကို ပြန်သွားပြန်ပါတယ်။ ဘယ်သူတားတား ဦးနုက မပြန်ဘဲ မနေဘူး။ စာလဲ ရေးဖြစ်နေပါတယ်။
ဘုရင်ခံအသစ်ရောက်လာ
တစ်ပတ်လောက်ကြာတော့ ဘုရင်ခံအသစ် မြန်မာပြည်ကို ရောက်လာပါတယ်။ ဆာဟူးဘတ်ရန့်စ် ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးအပြီး မှာ ဗိုလ်ချုပ်အောင်ဆန်း တင်ပြတောင်းဆို ထားတဲ့ တောင်းဆိုချက်ကို ဘုရင်ခံက လက်ခံကြောင်း ပြောကြားလိုက်တာကြောင့်ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံအသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ် အဖွဲ့ထဲ ဝင်လိုက်ကြပါတယ်။
အစိုးရသစ်ထဲ ဗိုလ်ချုပ်ဝင်
အစိုးရသစ် အဖွဲ့ထဲ ဖ-ဆ-ပ-လ ကိုယ်စားလှယ်အဖွဲ့များ ဝင်လိုက်တာကို ဦးနုကြားလိုက်တော့ သိပ်ဝမ်းသာသွားပါသတဲ့ ။ ဒါပေမယ့် ဖ-ဆ-ပ-လ အဖွဲ့ကို ဆက်လက်ကိုင်တွယ်တာဝန် ယူနိုင်မယ့်သူ ဘယ်သူလဲ ဆိုတာကို ဦးနု စဉ်းစားတွေးတောနေပါတဲ့။ ဆိုလိုတာက ဦးနု ဖ-ဆ-ပ-လ အဖွဲ့ကြီးအပေါ် သံယောဇဉ်ကြီးမားနေသေးကြောင်း ပြောကြတာပါ။
ဦးနုပြန်လာရန် ဗိုလ်ချုပ်စာရေး
ဗိုလ်ချုပ်အောင်ဆန်းက အစိုးရနဲ့ တာဝန်ယူနေရပြီဖြစ်တာကြောင့် ဖ-ဆ-ပ-လ အဖွဲ့ကြီးကို ဦးနုတာဝန်ယူရန် စာရေးအကြောင်းကြားရပြန်ပါတဲ့။ အခြားနိုင်ငံရေးပုဂ္ဂိုလ်တွေကလည်း ဦးနု မြန်မြန်ပြန်လာပါ ပြန်လာပါနဲ့ ခေါ်သူကခေါ်။ စာရေးအကြောင်းကြားသူကကြားနဲ့ ဦးနုဘယ်လိုမှငြင်းမရတော့သည့်အခါ ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ် ကိုပြန်လာခဲ့ရပါတယ်။ စာရေးဆရာဘဝတော့ မပျက်စေရဘူးလို့ ဦးနုက ပြန်ပြောပါသေးသတဲ့။
ဗိုလ်ချုပ်မိသားစု ဦးနုအိမ်သွား
ဦးနုအိမ်ကို နောက်နေ့ ညနေမှာ ဗိုလ်ချုပ်အောင်ဆန်း သူ့မိသားစု သားသမီးတို့နဲ့အတူ ဒေါ်ခင်ကြည် လည်းပါလာလျှက် ဦးနုအိမ်ရောက်လာကြပါတယ်။
ရွှေဒင်္ဂါးတွေ ရွှေဒင်္ဂါးတွေ
ခရီးမဆိုက် ဒေါ်ခင်ကြည်က ဦးနုလက်ထဲအရောက် စီးကရက်သံဗူးတစ်ဗူး ရိုရိုသေသေ ပေးလိုက်ရာ ဦးနုက ပြောပါတယ်။ ဘူးကလေး သေးသေးကလေးပါလား ဘာတွေလဲဟု မေးပါသေးတယ်။ ဒေါ်ခင်ကြည် ဖြေကြားလိုက်သည်မှာ ဗိုလ်ချုပ်ကို လေးစားကြတဲ့ပြည်သူတွေက နိုင်ငံတော်အတွက် ဗိုလ်ချုပ်သုံးဘို့ စွဲဘို့ လာပေးထားတဲ့ ရွှေဒင်္ဂါးတွေပါ ကိုကြီးနုဟု ဖြေကြားလိုက်ပါသည်။ ကိုကြီးနု ဥက္ကဋ္ဌဖြစ်ပြီ ဆိုတော့ ဖ-ဆ-ပ-လ အဖွဲ့အတွက် ကိုကြီးနု သုံးဖို့အတွက်ပါဘဲ ဟု ဒေါ်ခင်ကြည်က ပြောလိုက်ပါသည်။
သုံး-လေး နှစ်ကြာတဲ့အခါ ဦးနု ဘီရိုရှင်းတဲ့ တစ်နေ့မှာ အဲဒီရွှေဒင်္ဂါးဘူးကို ပြန်တွေ့တော့ ဒေါ်ခင်ကြည် ကိုချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်လည်း ကုသိုလ်ရအောင် ဒီရွှေဒင်္ဂါးတွေကို သာသနာရေး အဖွဲ့ကို ဒီနေ့ပဲ သွားလှုကြရအောင် ဟု ကိုကြီးနုက ဒေါ်ခင်ကြည်ကို ပြောပါသည်။
ဗိုလ်ချုပ်ရော ဦးနုပါ ရွှေဒင်္ဂါး မမက်မော
ဗိုလ်ချုပ်ရော ကိုကြီးနုပါ ရွှေဒင်္ဂါးတွေကို နှစ်ယောက်စလုံး ဘယ်သူမှ မမက်မော တန်ဘိုးမထား ၊ ကိုယ်ရေးကိုယ်တာအတွက်လည်း မသုံးစွဲ နောက်ဆုံးသာသနာရေးအတွက် လှုဒါန်းလိုက်ပါတယ်။
ဦးနုမနေသာ၍ နိုင်ငံရေးလုပ် ဖ-ဆ-ပ-လ အဖွဲ့ ရုံးချုပ်မှာ ရုံးစထိုင်နေပါပြီ။ နှစ်နာရီဘဲ နိုင်ငံရေးလုပ်မယ် ကျန်တဲ့အချိန်တွေ စာရေးမယ်လို့ ပြောပါသေးတယ်။ နေ့မအား ညမအား နိုင်ငံရေးကို တိုင်းပြည်အတွက် ဦးနုလုပ်နေရပြီဆိုတာကို ဦးနုဘာမှမပြော နိုင်တော့ပါ။
ဦးနုလုပ်နေတဲ့ နိုင်ငံရေးအကြောင်း ကျွန်တော်ပြောပါရစေ။
“ကျော်ငြိမ်း ငါ့ခေါင်းထဲမှာ အမြဲစဉ်းစားတာ တစ်ခုရှတယ်ကွ“ ဦးနုပြောတာပါ။
အတွင်းရေးမှုး ဦးကျောငြိမ်းက “ဘာလဲ အကိုကြီး“ဟု မေးပါတယ်။ “အိန္ဒိယအစိုးရအတွက် ဘိလပ်က လွတ်လပ်ရေးပေးမယ်လို့ ကြေညာပြီး ဒို့ဗမာအတွက် တော့ လွတ်လပ်ရေးအကြောင်း မကြေညာတာ မပြောတာဟာ ဘာဖြစ်လို့လဲ မင်းသိလား ကျော်ငြိမ်း“
“ဘာဖြစ်လို့လဲ အကိုကြီး“ ကိုကျော်ငြိမ်းက ပြန်မေးပါသည်။
လွတ်လပ်ရေး ဆုံးဖြတ်ချက်ချ
အိန္ဒိယမှာ တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့ မဟတ္တမဂန္ဒီ ရှိသလို ဒို့ဆီမှာလည်း တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။ အဲဒါကြောင့် ဒို့လွတ်လပ်ရေးအတွက် ဆုံးဖြတ်ချက်တစ်ခုခုကို ချပြီး တိုက်ပွဲဝင်ချင်တယ်။ ငါ့မှ ဒီဆန္ဒတစ်ခုရှိကြောင်း မင်းက ဗိုလ်ချုပ်ကို သွားပြောပြပါ။ တိတိကျကျပြောရအောင် ငါထပ်ပြောပြမယ်။ ဒီလိုကွ တစ်နှစ်အတွင်း မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ် လို့ ဘိလပ်အစိုးရက ကြေညာရန် အကယ်၍ ပေးမည်ဟု မကြေညာရင် ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ နှုတ်ထွက် ပြီး လွတ်လပ်ရေးအတွက် အနုနည်းနဲ့ အာဏာဖီဆန်ရန် ၊ အဲဒီအချက်နှစ်ခုကို ပြည်တွင်းမှာလည်း ကြေညာမယ်။ ဘိလပ်အစိုးရကိုလည်း အကြောင်းကြားမယ်။ ကျော်ငြိမ်း ဗိုလ်ချုပ်ကို အခုငါပြောတဲ့ ကိစ္စ အပြည့်အစုံသွားပြောပါ ။ဒါပဲ။ ဦးကျော်ငြိမ်းဟာ အတွင်းဝန်ရုံးမှာ ရုံးထိုင်နေတဲ့ ဗိုလ်ချုပ်ကို အပြည့်အစုံပြောပြလိုက်ပါသည်။ သုံးနာရီလောက်ကြာတဲ့အခါ ဦးကျော်ငြိမ်းပြန်လာပြီး ကိုကြီးနုကို ပြောသည်မှာ ဒီနေ့ညနေ ဖ-ဆ-ပ-လ အမှုဆောင် အစည်းအဝေးခေါ်မယ်ဟု ဗိုလ်ချုပ်က ပြောလိုက်ပါတယ်။
ဦးနုအဆိုတင်
ညနေ အလုပ်အမှုဆောင် အစည်းအဝေးမှာ ဦးနုက အထက်ပါ သူ့အဆိုကို တင်တယ်။ ဦးကျော်ငြိမ်းက ထောက်ခံတယ်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ တပ်ပေါင်းစုဖြစ်တဲ့အတွက် အားလုံးရဲ့ ဆုံးဖြတ်ချက် ကိုစောင့်ကြည့်နေပါတယ်။ ကွန်မြူနစ်တွေ အများစုက လွတ်လပ်ရေးကို တောင်းမယူရဘူး။ တိုက်ယူရမယ်ဆိုပြီး ကန့်ကွက်ပါတယ်။ ကျန်တဲ့သူတွေက ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေဟန် တူပါတယ်။
ဗိုလ်ချုပ်ဘာမှမပြော
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘာမှမပြောဘဲ နားထောင်နေပါတယ်။ သူကန့်ကွက်လိုက်လျှင် အားလုံးက ကန့်ကွက်တာ သဘောတူသွားမယ်။ သူထောက်ခံလိုက်ရင်လည်း အားလုံးက ထောက်ခံသွားကြမယ်။ ဒါကြောင့် ဗိုလ်ချုပ်က အများဆန္ဒစောင့်နေကြတဲ့သဘော ၊ အများဆန္ဒသိလိုတဲ့ သဘောတို့ကြောင့် ဗိုလ်ချုပ်ငြိမ်နေပါတယ်။ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်မပြောပါဘူး။ အများထံမှ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။
နောက်ည အစည်းအဝေးပြောင်း
ဦးနု တင်လိုက်တဲ့ အဆိုကို အဖွဲ့ဝင်တွေ အတော်များများ စိတ်ဝင်စားသွားတာကတော့ အမှန်ပါပဲ။ အမှုဆောင်အဖွဲ့ ဆွေးနွေးနေတာ ည ၁၂ နာရီကျော်သွားတော့ ဗိုလ်ချုပ်က နောက်နေ့မှ ထပ်ဆွေးနွေးကြ ဘို့ အစည်းအဝေးကို နောက်နေ့ညနေ ပြောင်းလိုက်ပါတယ်။
ဦးနုအဆို ဗိုလ်ချုပ်ထောက်ခံ
နောက်နေ့ ညနေ စောစောလေးမှာ အစည်းအဝေးမစမီ ဗိုလ်ချုပ်အောင်ဆန်း ဖ-ဆ-ပ-လ ဋ္ဌာနချုပ်ရောက်လာပြီး ဦးနုနဲ့ နှစ်ဦးတည်း တွေ့ကြတယ်။ ဦးနုရဲ့ အဆိုတင်သွင်းချက်ကို ဗိုလ်ချုပ် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီး ဦးနုနဲ့တွေ့တဲ့အခါမှာ ဦးနုပြောတဲ့ အတိုင်းလုပ်ဖို့ကိုင်ဖို့ ဗိုလ်ချုပ်က သူလက်ခံ ကြောင်း လက်ခံမလုပ်ရင် လွတ်လပ်ရေး တောင်းဆိုတဲ့ အခြေခံပျောက်ကွယ်သွားလိမ့်မယ်လို့ ဗိုလ်ချုပ်က ပြောပါတယ်။
အာဏာဖီဆန်ရေးလည်းပါ
အာဏာဖီဆန်ရေးဆိုတဲ့ လုပ်ဆောင်ချက်ကိုတော့ ပျော့ပျော့လေးစလုပ်ရမယ်။ ကျွန်တော်တို့ ဗမာတွေက သိပ်စိတ်ဆတ်တယ်။ လုပ်ပြီဆိုရင် အပြတ်လုပ်တတ်ကြတယ်။ အတုယူရမှာက အိန္ဒိယက မဟတ္တမ ဂန္ဒီဟာ လွတ်လပ်ရေးရဖို့ အနုနည်းနဲ့ အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ ပြည်သူတွေ လိုက်နာဖို့ ကြိုးစားတယ်။ မလိုက်နာသူတွေလည်း ပေါ်ခဲ့တယ်ပေါ့။ ဒါပေမယ့် အောင်မြင်ခဲ့တယ်။
မဟတ္တမ ဂန္ဒီနှင့် ဗိုလ်ချုပ်
မဟတ္တမဂန္ဒီ မူအတိုင်း ပျော့ပျော့လေး ဖြစ်အောင်ကြိုးစားမယ်။ ကြမ်းကြမ်းတမ်းတမ်းရောက်မသွား အောင် ကြိုးစားကြဖို့လိုပါတယ်။ ကိုကြီးနုကို ကြိုတင်ပြောအပြီး အစည်းအဝေးစလျှင်စခြင်း ဗိုလ်ချုပ်က ဦးနုကို သူပြောထားတဲ့အတိုင်း အစည်းအဝေးမှာ ပြောလိုက်တဲ့အခါ အဖွဲ့အစည်းအားလုံးက ဗိုလ်ချုပ်ဆုံးဖြတ်ချက် ကိုလက်ခံလိုက်ကြပါတယ်။
ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက် အကျဉ်းချုံးပြောရရင်-
တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမယ်လို့ ဘိလပ်အစိုးရက ကြေညာရမယ်။
ပေးမယ်လို့ မကြေငြာရင် အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီး အာဏာဖီဆန်ကြရမယ် ဆိုတဲ့ဆုံးဖြတ်ချက်ပါဘဲ။ ဗိုလ်ချုပ်ကို အားကိုးတကြီးနဲ့ ရှေ့တန်းတင်ပြီး လွတ်လပ်ရေး ရရေး ဦးနု ကြိုးစားခဲ့တာပါ။ ဗိုလ်ချုပ်ကတော့ တိုင်းသူပြည်သားများရဲ့ အားပေးမှုများ ရနေတာက တရားလွန်ဖြစ်နေတဲ့ အချိန်အခါပါပဲ။
ကွန်မြူနစ်တွေက ကန့်ကွက်
ကွန်မြူနစ် အဖွဲ့ဝင်တွေကတော့ လွတ်လပ်ရေးကို တိုက်ယူရမယ်။ တောင်းမယူရဘူး။ သူတို့ဒါကို မကျေနပ်လို့ အဖွဲကနေပြီးထွက်ကြတယ်။ အဖွဲ့ကလည်း ထုတ်ပြစ်တယ်လို့ ပြောပါတယ်။
ကျွန်တော် ပခုက္ကူသား တင်စိုး
ကျွန်တော်က ပခုက္ကူသားဆိုတော့ ဒီကွန်မြူနစ်တွေအကြောင်း ကောင်းကောင်းသိခဲ့တာကတော့ သခင်စိုး ဆင်စွယ်ရွာ ပခုက္ကူနားမှာ လူတွေသတ်လိုက်တာ ၇၀ — ၈၀ ကျော် သေခဲ့ဘူးပါတယ်။ ပခုက္ကူ ဦးအုန်းဖေတောင် ထွက်ပြေးတာ စောလို့ အသက်ရှင်ကျန်နေခဲ့တယ်။
သခင်သန်းထွန်းနဲ့ ပတ်သတ်လို့ကတော့ ဂိုရှယ်ခေါ် ရဲဘော်ဘတင်။ မူကာဘီကုလားကြီး ။ အတွင်းရေးမှုး ရဲဘော်ဋ္ဌေး ။ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) အားလုံး အားလုံး အချင်းချင်း သတ်ကြ သေကြ။ ပဲခိုးရိုးမ ဖ-ဆ-ပ-လ ကထွက်အပြီး အဲဒီလို ကွဲကြ ၊ ပြဲကြ ၊ သတ်ကြနဲ့ ဇာတ်သိမ်းခဲ့ကြတယ် ပေါ့။
ကျွန်တော် ဆက်ပြောချင်တာကတော့ ဗိုလ်ချုပ်နဲ့ ဦးနု ဖ-ဆ-ပ-လ အဖွဲ့ချုပ်တို့ တိုင်းပြည်အတွက် လုပ်ကြ တာကိုဘဲ ဆက်ပြောပါရစေ။
ဘိလပ်မှ ဘိတ်စာရ
၁၅ ရက် ၊ ရက် ၂၀ မျှမကြာမီမှာ ဗိုလ်ချုပ်ထံ ဘိလပ်အစိုးရက ဘိလပ်ကို လာရောက်တွေ့ရန် ဖိတ်ကြားစာ ရောက်လာတာကြောင့် ဦးနုထံ ဦးကျောငြိမ်း ဝမ်းပမ်းတသာသွား၍ ပြောကြားလိုက်ပါသည်။
ဦးနုချက်ချင်း ဦးကျော်ငြိမ်းကို မေးလိုက်တဲ့မေးခွန်းက “လွတ်လပ်ရေးအကြောင်းပါရဲ့လား“ လို့ ဦးနုချက်ချင်းပြန်မေးလိုက်တာကို ဦးကျော်ငြိမ်းက ဒီလို လွတ်လပ်ရေးအကြောင်း သီးခြားရေးမဖိတ်ပါဘူး။ လာရောက်တွေ့ဆုံရန်အကြောင်းသာပါကြောင်း ပြောလိုက်ပါသည်။ ဦးနု အကြီးအကျယ်စိတ်ဆိုးပြန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဘိလပ်လာမယ်လို့ ပြန်ကြားထားလို့ လက်လွန်ပြီးဖြစ်ကြောင်း ပြန်ပြောပါတယ်။
ဦးနုက ဖ-ဆ-ပ-လ ဗဟိုလ် ဦးစီးအဖွဲ့ သဘောတူလျှင် သူဘုရင်ခံကို ချက်ချင်းသွားတွေ့မယ် ။ သဘောတူကြလား။ သွားခွင့်ပြုကြမလားလို့ ဦးနုမေးမြန်းချက်ကို အားလုံးက ဘုရင်ခံကို သွားတွေ့ပြီး လွတ်လပ်ရေးအကြောင်း သွားပြောရန် ခွင့်ပြုလိုက်ကြပါ၍ ဦးနု ချက်ချင်း ဦးကျော်ငြိမ်းနဲ့အတူ ဘုရင်ခံကို သွားတွေ့ဖြစ်ပါသည်။
လွတ်လပ်ရေးအကြောင်းပြောရန် ဦးနု ဘုရင်ခံဆီသွား
ဦးနု ဘုရင်ခံနှင့် တွေ့သောအခါ ဦးနု လွတ်လပ်ရေးအကြောင်းပြောနေတာကို ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က လေးလေးစားစား နားထောင်နေတာ တွေ့ရကြောင်း ၊ ဘုရင်ခံက ယခု ဦးနု တင်ပြတဲ့ လွတ်လပ်ရေးအခြေခံ အကြောင်းအရာ ပြည့်ပြည့်စုံစုံကို ဘိလပ်အစိုးရထံ ချက်ချင်း အကြောင်းကြားပေးပါမည် ဟု ဦးနုနှင့် ဦးကျော်ငြိမ်းတို့အား ပြောပြလိုက်ပါသည်။
ဘိလပ်မှ စာပြန်လာ
မကြာမီရက်အတွင်း ဘိလပ်အစိုးရထံမှ ဗိုလ်ချုပ်ထံ စာတစ်စောင်ရောက်လာခဲ့ရာ စာအကျဉ်းချုပ်မှာ
၁။ ဗြိတိသျှအစိုးရ လက်အောက်တွင် မနေလိုတော့သည့် တိုင်းပြည်များကို နေအောင်တိုက်တွန်း ဆွဲထားရန် ကျွန်ုပ်တို့တွင် ဆန္ဒမရှိပါ။
၂။ ယခုလက်ရှိ မြန်မာပြည်ကို အင်္ဂလိပ်အစိုးရနှင့် ပူးတွဲအုပ်ချုပ်နေသည်မှာ ဖ-ဆ-ပ-လ အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးတွဲအစိုးရဖြစ်ပါတယ်။
၃။ လွတ်လပ်ရေးရရန် ကြိုးစားချီတတ်သည့်အခါ မြန်မြန်ကြိုးစားရမည်ဖြစ်သော်လည်း စည်းကမ်းတကျ ချီတတ်ရန်မှာ အရေးကြီးကြောင်း အကြံပြုလိုက်ရပါသည်။ဟု ဘိလပ်ဝန်ကြီးချုပ် အက်တလီ က ပါလီမန်မှာ ကြေငြာပြီးကြောင်း ဖော်ပြထားသည့်စာ ဗိုလ်ချုပ်အောင်ဆန်းထံ ရောက်လာပါသည်။ သို့ပါ၍ ဘိလပ်သွားရန် ဆုံးဖြတ်လိုက်ကြပါသည်။
ဘိလပ်သွားရန်အဆိုကို ဖ-ဆ-ပ-လ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က သဘောတူလက်ခံလိုက်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားရန် ဆုံးဖြတ်ပြင်ဆင် လုပ်ကိုင်ကြပါတော့သည်။ ဘိလပ်သွားရေး ပြင်ဆင်နေစဉ် ဦးနုထံမှ ဗိုလ်ချုပ်ထံ ဦးကျော်ငြိမ်း လွှတ်ပြီး ပြောခိုင်းတဲ့ကိစ္စ –
ဘိလပ်မှာ ဘာဆွေးနွေးမှာလဲ
လွပ်လပ်ေ၇း ရရေး ကိစ္စတစ်ခုပြီးသွားလို့ အောင်မြင်ပြီလို့ မဆိုနိုင်သေးပါဘူး ဟု ဦးနုပြောပါသည်။ လုပ်စရာကိစ္စတစ်ရပ် လုပ်ရန် ဗိုလ်ချုပ်က အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ် ခေါ်ပေးရအုံးမယ် ဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်များ ဘိလပ်အစိုးရနှင့် တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တဲ့အကြောင်း ဦးနုက ဗိုလ်ချုပ်ကို ပြောပါတယ်။ ဗိုလ်ချုပ်က ဦးနုပြောမယ့်ကိစ္စကို ကြိုတင်သိချင်လို့ ဦးနုကိုမေးလိုက်တဲ့အခါမှာ ဦးနုပြောတာကို အကျဉ်းချုံးပြောပြပါရစေ။
ဘိလပ်မသွားခင် ဆုံးဖြတ်စရာများ
ဦးနုက လွတ်လပ်ေ၇းကိစ္စဆွေးနွေးရာမှာ ထည့်သွင်း ဆွေးနွေး စဉ်းစားရမှာက ကြိုတင်၍ ရွေးကောက်ပွဲတစ်ခု ပါတီပေါင်းစုံပါဝင်ပြီး ညီညွတ်စွာ ဥပဒေအတွင်းက ကျင်းပတဲ့ ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ရန်လိုပါသည်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အဖွဲ့ပေါင်းစုံ ပါတဲ့အဖွဲ့ အစိုးရဖွဲ့ပြီး ဗြိတိသျှအစိုးရက အဲဒီအစိုးရကို အာဏာလွှဲပေးရမယ် ဆိုကြောင်း ပြီးတော့မှ အဲဒီအစိုးရမှ ဦးဆောင်ပြီး နိုင်ငံတော်သစ်အတွက် အခြေခံအုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေကို ရေးဆွဲရမယ်ဟု ဦးနု ကြိုးစားစီမံနေခြင်း ဖြစ်ပါသည်။
ဦးနုမကြိုက်တဲ့ရွေးကောက်ပွဲ
ရွေးကောက်ပွဲဥပဒေနဲ့ ပါတ်သတ်လို့ ဦးနုမကြိုက်တဲ့ဥပဒေက ၁၉၃၅ -ခုနှစ် ၉၁ ဋ္ဌာန ဥပဒေကို မကြိုက်ဘူး။ အဲဒီဥပဒေနဲ့ အထွေထွေရွေးကောက်ပွဲရဲ့အဆိုက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်မရှိဘူး။ အရွယ်ရောက်ပြီး ပစ္စည်းပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ အခွန်ထမ်းမှုပြုတဲ့သူဆိုတဲ့ မဆိုင်တဲ့ ကိစ္စတွေ အစရှိသည်တို့နှင့် မဲဆန္ဒ ရှင်တစ်ယောက်အတွက် အရည်အချင်းတွေ ကန့်သတ်ထားတာ ဦးနုက မကြိုက်ဘူး။
ဦးနုကြိုက်တဲ့ ရွေးကောက်ပွဲ
ဦးနုကြိုက်တာက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိတဲ့ ဥပဒေကို ဦးနုကြိုက်တယ်။ အဲဒီဥပဒေပါ ရွေးကောက်ပွဲကို “တိုင်းပြုပြည်ပြု လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ “လို့ခေါ်တယ်။ အဲဒီတိုင်းပြုပြည်ပြု လွတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ က လွတ်လပ်ရေးရရှိနေတဲ့ တိုင်းပြည်တွေမှာ လုပ်ကြတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ ဦးနုက ဖ–ဆ-ပ-လ ဗဟိုလ် အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒါကိုတင်ပြလိုက်တာပါပဲ။ ဗဟိုလ် အစည်းအဝေးက ဘုရင်ခံထံ ဦးနုသွားတင်ဖို့ အကြံပြုတာကြောင့် မြန်မာနိုင်ငံ ဘုရင်ခံထံ ဤရွေးကောက်ပွဲ နှစ်ခုကို ဦးနုနှင့် ဦးကျော်ငြိမ်းတို့ တင်ပြတဲ့အခါမှာ ဘိလပ်ရောက်မှ တင်ပြဆုံးဖြတ်ပါရန် ဘုရင်ခံက အကြံပြုပါတယ်။ ဗဟိုလ် အလုပ်မှုဆောင် အဖွဲ့မှ ဝန်ကြီးဖြစ်မှ ဘိလပ်အစည်းအဝေးတတ်ရမည် ဆိုပါ၍ ဦးနုကို ဝန်ကြီး တစ်နေရာခန့်ပြီး ဘိလပ်လိုက်သွားရန် အဖွဲ့ဝင်တွေက အကြံပြုသေးတာကို ဗိုလ်ချုပ်က မြန်မာပြည်တွင်းမှာအရေးကြုံလာပါက ဦးနုလုပ်ကိုင်စရာပေါ်လာပြီး ဖြေရှင်းရဦးမှာမို့ ဘိလပ်မလိုက်ဘဲ မြန်မာပြည်မှာနေရစ်ခဲ့ဘို့ ဗိုလ်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်.။
အရေးကြီးကိစ္စ ဗိုလ်ချုပ်ပြော
အရေးကြီးဆုံးကတော့ ဘိလပ်ဆွေးနွေးပွဲ ပျက်ခဲ့ပါလျှင် ဆုံးဖြတ်ချက်အတိုင်း အာဏာဖီဆန်နိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဦးနု လုပ်ကိုင်နိုင်အောင် တာဝန်ယူဖို့ အတွက် ဦးနုမြန်မာပြည်မှာနေခဲ့ဘို့ သင့်ပါတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောပါတယ်။ ဗိုလ်ချုပ်နောက်တစ်ခု ပြောတာကတိုင်းပြုပြည်ပြု လွှတ်တော်ကိုရအောင် ဘိလပ်အစိုးရထံ တောင်းမယ် မရရင် ဆွေးနွေးပွဲဖျက်ပြီး ပြန်ခဲ့မယ်တဲ့။
ဘိလပ်မလိုက်ဘဲ ဦးနုမြန်မာပြည်မှာ နေရစ်ခဲ့လို့ ဗိုလ်ချုပ်ဆုံးဖြတ်ချက် မှန်လိုက်သမှ လွန်စွာမှန်လိုက်တာ ၊ ဗိုလ်ချုပ်တို့ ဘိလပ်ထွက်သွားတဲ့ နေ့မှာပဲ ရှမ်းပြည်စော်ဘွားတွေက ဘိလပ်ကို အကြောင်းကြားစာတစ်ခု ပို့လိုက်ကြောင်း သတင်းကို ဦးနုသိရပါတယ်။ စော်ဘွားတို့ရေးတဲ့အကြောင်း က ဗိုလ်ချုပ်ဟာ သူတို့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တော် မဟုတ်ကြောင်း ဘိလပ်အစိုးရသိရန် အကြောင်းကြားစာ ဖြစ်ပါသတဲ့။
ဦးနုရှမ်းပြည်ကို ချက်ချင်းသွားရ
ရှမ်းပြည်ကို ဦးနုချက်ချင်းလိုက်သွားပြီး ပြည်သူတွေနဲ့ရော ၊ ရင်းနှီးတဲ့ စော်ဘွားတွေနဲ့ပါ အစည်းအဝေး ချက်ချင်းလုပ်ပြီး ဗိုလ်ချုပ်တို့ဟာ ပြည်မ ပြည်ငယ် ပြည်ထောင်စု တိုင်းရင်းသား ပြည်သူတို့ ရဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်း ဘုရင်ခံမှတဆင့် ဘိလပ်ကိုစာပို့ကြရပါသေးသတဲ့။
မြန်မာပြည်တစ်ပြည်လုံး ဗိုလ်ချုပ်ရဲ့ ဘိလပ်ခရီးသတင်း နားစွင့်နားထောင်နေကြပါတယ်။
ဗိုလ်ချုပ် ကုတ်အင်္ကျီရာဇဝင်
ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိုလပ်အသွား အိန္ဒိယနိုင်ငံကို ခေတ္တဝင်၍ နားနေစဉ် “အိန္ဒိယ နိုင်ငံက ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ မဟတ္တမဂန္ဒီအပြင် ဂျာဝါဟာရယ် နေရူးနဲ့ပါ“ တွေ့ဆုံဆွေးနွေးကြတယ်။ နေရူးက ဗိုလ်ချုပ်အောင်ဆန်း သိက္ခာရှိရှိ ဝတ်စားဆင်ယင်မှု ပြည့်စုံစေရန် အနွေးထည်ကုတ်အင်္ကျီ ထူထူထဲထဲ ဘိလပ်သားတို့ အထင်ကြီးစေရအောင် လက်ဆောင်ပေး ဝတ်ဆင်စေလိုက်ပါ၍ ဘိလပ်မှာ ဗိုလ်ချုပ် ဂိုက်ကောင်းကောင်း နဲ့ မြင်ရပါသတဲ့။ ကုတ်အင်္ကျီအကြောင်း ကျွန်တော်ထည့်ရေးလိုက်ရကြောင်းပါခင်ဗျ။
လိမ္မော်သီးသံကြိုးစာ ဘိလပ်မှလာ
တစ်နေ့မှာ ဦးနုထံ ဘိလပ်မှ သံကြိုးစာ တစ်စောင်ဝင်လာပါတယ်။ သံကြိုးစာက အလွန်တိုတိုလေး “လိမ္မော်သီး“တဲ့ခင်ဗျ။
“လိမ္မော်သီး– လိမ္မော်သီး“ဟု ဦးနု ဝမ်းပမ်းတသာ ပျော်ပျော်ရွှင်ရွှင် “လိမ္မော်သီး“ဟု အော်ပြော နေပါ၍ ဖ–ဆ-ပ-လ အဖွဲ့ချုပ်သား တွေ အံ့သြနေစဉ် ဦးနုက ဘိလပ်မှာ တိုင်းပြုပြည်ပြုလွှတ်တော် အတည်ပြုလိုက်ပြီ“ဟု အားလုံးကို ကြေညာလိုက်ပါတယ်။
လိမ္မော်သီးအဓိပ္ပာယ်
အဓိပ္ပာယ် အပြည့်အစုံကတော့ ဗိုလ်ချုပ်အောင်ဆန်းရယ် ၊ ဦးနုရယ် ၊ ဦးကျော်ငြိမ်းတို့ သုံးယောက်သား လျှို့ဝှက် တိုးတိုးတိတ်တိတ် စီမံထားတာက “တိုင်းပြုပြည်ပြု လွှတ်တော် “ရလျှင် “လိမ္မော်သီး“ မရရင် “သံပုရာသီး“ သံကြိုးရိုက်မည်ဟု ကြိုတင် စီမံ ဆုံးဖြတ်ထားကြကြောင်းပါခင်ဗျ။ “သံပုရာသီး“ လို့သာဆိုပါက အာဏာဖီဆန်ရေး စလုပ်ကြရတော့မှာပေါ့။
ဗိုလ်ချုပ်ကို အားထားတဲ့ဦးနု
ဦးနုဟာ သူ့သူငယ်ချင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အဝါကို လွန်စွာတန်ဘိုးထားကြောင်း ဗိုလ်ချုပ်ကို အားကိုးကြောင်း ဗိုလ်ချုပ်ကို ဦးထိပ်မှာထားပြီး တောင်းဆိုသမျှ ရမှာဖြစ်ကြောင်း ဦးနုယုံကြည်၍ုလုပ်ခဲ့ ကြိုးစားခဲ့သမျှ အောင်မြင်တာ တွေ့ရကြောင်း ပါခင်ဗျာ့။
ဒေါက်တာအောင်ခင်ဆင့်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။