Pages

Monday, April 23, 2012

မြန်မာမွတ်စလင်မ် ပြည်သူများအား မုန်းတီးသူများသို့  မေးခွန်း


မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ အစည်းများက ဖြန့် နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ့ ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန့် များကို နေ့ စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို့ မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။




ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ့ တနေ့ကမှမြန်မာပြည်သို့  တိုင်းတပါးမှ ၀င်ရောက်လာသူမဟုတ်။ အိန္ဒိယမှ ရွေ့ ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို့ ၏မိဘများပင် ဗမာနှင့် တိုင်းရင်းသားများဖြစ်သည်။
ကျနော်သည် မြန်မာ့မြေပေါ်မွေး မြန်မာ့မြေပေါ်တွင်ကြီး မြန်မာကျောင်းတွင် ပညာသင်၍ ဗမာ စကားပြောသည်။ ဗမာစာပဲတတ်သည်။ မြန်မာပြည်တွင် မွေးဖွားကြီးပြင်းသည့်အတွက် မြန်မာလိုဝတ်သည်၊ မြန်မာပြည်ကိုချစ် သည်။ မြန်မာပြည်သည် ကိုယ့်တိုင်းပြည်၊ မြန်မာလူမျိုးသည် ကိုယ့်လူမျိုးဟုခံယူသည်။
ကုလားစကားဟုခေါ်သော တောင်အာရှစကားများမတတ်။ ရေးလည်းမရေးတတ်၊ ဖတ်လည်းမတတ်ပါ။ အိန္ဒိယ လည်း မရောက်ဖူး၊ ဆွေမျိုးလည်း မရှိပါ။ အိန္ဒိယနိုင်ငံရေး စီးပွားရေးလည်း ကျနော်နဲ့ လည်း မဆိုင်ပါ။ မြန်မာ ပြည်သာလျှင် ကျနော့် အမိမြေဖြစ်သည်။မြန်မာပြည် ငြိမ်းချမ်းစေချင်သည်။ ဆင်းရဲတွင်းမှလွတ်မြောက်စေလို သည်။
ရပ်ကွက်ထဲမှ ဗုဒ္ဓဘာသာပြည်သူများနှင့်ယှဉ်လျှင် ဘုန်းကြီးကျောင်းသွားတာနှင့် ဗလီသွားတာပဲကွာသည်။ ကျန်တာကတော့ နေပူလည်းအတူတူ မိုးရွာလည်း အတူတူ၊ ကုန်ဈေးနှုန်းတက် လည်းအတူတူ၊ လုပ်အားပေး သွားရလည်း အတူတူဖြစ်သည်။ ရပ်ကွက်ထဲ မီးပျက်လျှင် ကျနော့်အိမ်တစ်အိမ်တည်း ကွက်ပြီး လျှပ်စစ်မီးမလင်းသကဲ့ သို့ နွေရာသီရေရှားလျှင်လည်း ကျနော့်အိမ်ရေတွင်း တစ်တွင်းတည်းကွက်ပြီး ရေမထွက်ပါ။ စစ်တပ်အုပ်ချုပ်သည့် တိုင်းပြည်တွင် ကျနော့်တစ်အိမ်တည်း အခွင့်အရေးထူးတွေမရပါ။
ဘုရားစူးမိုးကြိုးပစ် – အစ္စလာမ်သာလျှင်မှန်ကန်ပြီး တခြားဘာသာတွေ မှားသည်ဟု တခါကမှ မပြောဖူး။ ယုံ လည်းမယုံကြည်ပါ။ ကျနော့်မိသားစုနှင့် ပတ်ဝန်းကျင်တွင်လည်း အစ္စလာမ်ဘာသာအကြောင်း စည်းရုံးဝါဒဖြန့်  နေသူများမရှိပါ။ ကျနော်သိသည့် မန်ဘာ ၃၀၀၀ ကျော်ရှိသည့် အွန်လိုင်း မြန်မာမွတ်စလင်မ်လူငယ်ဆိုရှယ်ဆိုဒ် တွင်လည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး အစ္စလာမ်ဝါဒ ဖြန့် ချိနေသူများမတွေ့ ပါ။ ဘာသာတိုင်း သူ့အယူအဆ နှင့်သူဖြစ်ကြောင်း၊ အခြားဘာသာများကို လေးစားရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင်နေထိုင်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရှေ့ ရှုရမည်ဖြစ်ကြောင်း အာပေါက်အောင် ပြောနေသူများသာဖြစ်သည်။ အများနည်းတူကိုးကွယ်ခွင့်နှင့် ကုလားဟုခေါ်ကာ နှိမ့်ချနေမှုများကို ရပ်တံ့ပေးရန် တောင်းဆိုနေသူများသာဖြစ်သည်။ ဘာသာမတူသူများအကြား နားလည်မှုရစေရန်၊အမုန်းတရားမပွားစေရန် ကြိုးစားနေသူများ လိုလားနေသူများဖြစ် သည်။
ကျနော်အပါအ၀င် ကျနော့်မိသားစု အသိုင်းအ၀ိုင်းနှင့် အွန်လိုင်းတွင်သိကျွမ်းရသော မွတ်စလင်မ်သူငယ်ချင်း များထဲတွင် ရှင်ဂေါတမ ၊ ဗုဒ္ဓသာသနာ၊ သံဃာတော်များ ၊ မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓ ဘာ သာဝင်များကို နှုတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ နှိမ့်ချ စော်ကားနေသူများမရှိပါ။ ဗုဒ္ဓ အမည်ခံ နိုက်ကလပ်များ၊ Rude Buddha ကဲ့သို့  ရုပ်ရှင်များကိုပင်မလုပ်သင့်ကြောင်း ယူဆသူများ၊ စိတ်မကောင်းသူများဖြစ်သည်။ အဆိုပါ လုပ်ရပ်များကိုပင် ကန့်ကွက်ကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့သည်များရှိပါသည်။ (စိတ်ဝင်စားပါက အွန်လိုင်းဆိုရှယ်ဆိုဒ်မှ မန်ဘာများ၏ ကော်မန့် များကျနော့် ထံတောင်းနိုင်သည်)။
သို့ သော် မြန်မာမွတ်စလင်မ်ပြည်သူများအား အမေနှမများကိုင်၍သော်လည်းကောင်း၊ ရုပ်ပုံများဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ နစ်နာအောင် အမျိုးမျိုး စော်ကားနေသည်ကို နေ့ စဉ်နှင့်အမျှတွေ့ ရသည်။ ဘိုင်းကောင်းကျောက်ဖိ ယဉ်ကျေးသိမ်မွေ့ ပါသည်ဆိုသည့် မြန်မာအမျိုးသမီးငယ်များပင် ရိုင်းရိုင်းပျပျ စကားလုံး ရင့် ရင့်သီးသီးများဖြင့် မြန်မာမွတ်စလင်မ် ပြည်သူများအား လူမြင်သူထင် ဆဲဆိုနေသည်။
ဤမျှမက ဆုတောင်းဝတ်ပြုဆောင်များကို ဖျက်ဆီးသူများက တရားဥပဒေကင်းစွာဖျက်ဆီးလိုက်ကြသည်ကို ၀မ်းသာအားရ အားပေးအားမြောက်ပြု ရေသားပြောဆိုနေကြသည်။
ပြောဆိုနေကြသည်များထဲတွင် ခိုင်ခိုင်မာမာ အချက်အလက်မှန်များဖြင့် အပြုသဘောပြောဆိုသည်မဟုတ်ဘဲ စိတ်အထင်ဖြင့် ဘာသာစွဲဖြင့် အမုန်းတရား သက်သက်ဖြင့် ပြောဆိုနေကြောင်း ထင်ထင်ရှားရှားတွေ့ နေရသည်။ အချို့ ဆိုရင်မွတ်စလင်မ်အကြောင်း မဆိုနှင့် မွတ်စလင်မ်မိတ်ဆွေ (သို့ ) အိမ်နှီးချင်း (သို့ ) အသိတယောက်မှ မရှိ ပေ။ ကြားဖူးနားဝဖြင့် အမုန်းတရားပွားနေ ခြင်းဖြစ်သည်။
ထို့ ကြောင့် မွတ်စလင်မ်ပြည်သူများအား မုန်းတီးနေသည့် ဗုဒ္ဓဘာသာပြည်သူများသို့ မေးခွန်းများမေးချင်သည်။
(၁) သင့်တွင် မြန်မာမွတ်စလင်မ် သူငယ်ချင်း (သို့ ) အသိရှိပါသလား။ သင်ဘယ်လောက်ရင်းနှီးပါသလဲ။
(၂) သင့်ကို သူက ဗုဒ္ဓဘာသာသည် မှားနေပြီး အစ္စလာမ်ဘာသာ သာလျှင်မှန်သည် ဟု စည်းရုံးဖူးပါ သလား။
(၃) ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ဗုဒ္ဓ သံဃာတော်များ၊ ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို သင်သိသောမြန်မာမွတ်စလင်မ်တဦးဦးက ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စကားလုံးအရေးအသားဖြင့်ဖြစ်စေ စော်ကားဖူးပါသလား။
(၄) သင်လိုအပ်နေချိန်တွင် ဗုဒ္ဓဘာသာဖြစ်လို့ ဆိုကာ လျစ်လျူရှု ခွဲခြားဆက်ဆံခံရဖူးပါသလား။
ကျနော်ကြီးပြင်းလာသည့် မိသားစု အသိုင်းအ၀ိုင်းတွင် အခြားဘာသာကိုစော်ကား စည်းရုံးနေသည့် လူများမရှိပါ။ ဘာသာရေးခွဲခြားမှုမရှိပါ။ ကျနော် လိပ်ပြာသန့် သည်။ အကယ်၍ စာဖတ်သူသည် ကိုယ်တိုင် စော်ကားခံရဖူး လျှင်ဖြစ်စဉ် အချက်အလက်ဖြင့် ကျနော့်ထံ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။ အများ စုဖြစ်သည့် အလယ်အလတ် မွတ်စလင်မ်ပြည်သူများနှင့် လက်တွဲ၍ ဗုဒ္ဓဘာသာဝင်များဖက်မှ ရပ်တည်ပါမည်။ ဗုဒ္ဓဘာသာအား စော်ကားခြင်း၊ ခွဲခြားခြင်း၊ အချို့ စွပ်စွဲသည့် “လူမဆန်စွာ စည်းရုံးခြင်း” ဆိုသည့်ပြသနာကို လက်တွဲ တိုက်ဖျက်မည်ဟု ကတိပေး သည်။
ကျနော်က ဗုဒ္ဓဘာသာကို မစော်ကားသကဲ့သို့  ကျနော့်သာသနာနှင့် မြန်မာမွတ်စလင်မ်ပြည် သူများအား ကြားဖူးနားဝဖြင့် မုန်းတီးနေခြင်း၊ စော်ကားပြောဆိုနေခြင်း၊ အကြမ်းဖက်ခြင်းများကို ရပ်တံ့ပေးရန် မေတ္တာရပ်ခံပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။