Pages

Wednesday, June 6, 2012

ကုလ စားနပ်ရိက္ခာယာဉ်တန်း ကချင်ပြည်နယ် ရောက်ရှိ

un-visits-seng-mai-pa-camp
မဇ္ဈိမ သတင်းဌာန ။ ။ ကချင်ဒုက္ခသည်များအတွက် အစားအသောက် ထောက်ပံ့မှု လမ်းကြောင်းများအား
မြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာ
သည့် ကုလသမဂ္ဂ ယာဉ်တန်းတခု လွယ်ဂျယ်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

၎င်းရိက္ခာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသတွင်းရှိ အခြား ဒုက္ခသည်စခန်းများက လာမည့်ရက်များ တွင် လက်ခံရယူကြမည် ဖြစ်ကြောင်း သိရသည်။


KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသည့် အစားအစာ များ တင်ဆောင်လာသည့် အမေရိကန် အကူအညီပေးရေး ယာဉ်တန်းမှာမူ လမ်းခုလတ်တွင် ရောက်ရှိနေပြီ
ဖြစ်ကြောင်းကို ကချင်သတင်းဌာန၏ ဝက်ဘ်ဆိုဒ်တွင် အင်္ဂါနေ့က ရေးသားဖော်ပြခဲ့သည်။
KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ရှိ Seng Mai Pa ဒုက္ခသည်စခန်းတွင် မတ်လ အတွင်းက ကုလသမဂ္ဂမှ ဆန်များ လှူဒါန်းနေစဉ်။ (ဓါတ်ပုံ KNG)

ထိုယာဉ်တန်းမှာ ကချင်ပြည်နယ်သို့ တနလာင်္နေ့က ထွက်ခွာခဲ့ခြင်း ဖြစ်သည်ဟု အကူအညီပေးရေး အဖွဲ့များက ကချင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရပ်မိရပ်ဖများ အဆိုအရ လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် တရုတ်နိုင်ငံ အတွင်းရှိ La Ying ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းသားများ အများစု ပါဝင်သည့် ဒုက္ခသည် ၄၀၀ ခန့်သည် လွန်ခဲ့သည့်လက လွယ်ဂျယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းထဲသို့ ပြောင်းရွှေ့ပြီးကတည်းက ကုလသမဂ္ဂ အေဂျင်စီများထံမှ မည်သည့် အကူအညီကိုမျှ လက်ခံရရှိခြင်း မရှိသေးဟု ဆိုကြသည်။ နယ်စပ်မြို့ လွယ်ဂျယ်ရှိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်များထံမှ အကူအညီတချို့ ရရှိခဲ့သည်ဟု သိရသည်။

ကချင်သတင်းဌာနက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် အကူအညီပေးရေး ယာဉ်တန်းသည် KIO ထိန်းချုပ်နယ်မြေများ အနက် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုင်ဂျာယန် ရှိ Kahteng Dabang ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး Pa Kahtawng Dabang နှင့် Ung Lung ဒုက္ခသည် စခန်းများအတွက် တလစာ ရိက္ခာများ ပေးအပ်မည် ဖြစ်သည်။

မကြာသေးခင်က တည်ထောင်ခဲ့သည့် Pa Kahtawng Dabang စခန်းမှာ မိုင်ဂျာယန် အနီးရှိ Seng Mai Pa စခန်း၊ Ung Lung စခန်း နှင့် Gat Pa Kadawng စခန်းများ ပေါင်းစည်းထားခြင်း ဖြစ်ပြီး ဒုက္ခသည် ၂,၄ဝဝ ကျော်ခန့် နေထိုင်ကြ သည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။

မေလအတွင်းက ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့
ပြန်လည် သွားရောက်ကာ အကူအညီများ ထောက်ပံ့ပေးအပ်ရန် ကြိုးစားရာတွင် အပြန်ခရီးအား မြန်မာအစိုးရက မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ၏ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC ၏ အကြီးအကဲက ဆိုသည်။

Human Rights Watch ၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဒေသတွင်းတွင် ခန့်မှန်းခြေ ဒုက္ခသည်
ပေါင်း ၇၅,၀၀၀ ခန့် ရှိသည်ဟု သိရပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများတွင် နေထိုင်နေကြ သည်ဟု သိရသည်။

၁၇ နှစ်ကြာ ခံခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို မြန်မာအစိုးရက လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် KIO အနေဖြင့် မြန်မာအစိုးရက ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ပေးပို့ရန် ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချ ထားခဲ့သည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။