Pages

Thursday, June 7, 2012

ရခိုင်ပြည်နယ် အဓိကရုဏ်းများဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း




၂၀၁၂ ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး မှ
၂၀၁၂ မေလနဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်များအား ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ၁၆ ဦးပါ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ရေးသားထားတဲ့ အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၂ ကို မြန်မာအစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀၁၂ ဇွန်လ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
 
 
ထို အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယ ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းက ဒုတိယ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ ထို့အပြင် အဖွဲ့ဝင်များအဖြစ် ပြည်နယ်နဲ့ ခရိုင် ဥပဒေ အရာရှိများနဲ့ ရဲတပ်ဖွဲ့မှူးများ၊ ရခိုင်ပြည်နယ် ထောင်အုပ်စုမှူး ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးတို့ ပါဝင်ကြပါတယ်။
စုံစမ်း စစ်ဆေးရေး အဖွဲ့အနေနဲ့ မှုခင်း ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ရန် စည်းရုံး လှုံ့ဆော်မှုများ၊ ဦးဆောင်သူများ၊ ပြစ်မှု ကျူးလွန်သူများ၊ အခင်း မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီးနောက် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်တဲ့ အခြေအနေ၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင် ယူဆချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နဲ့အညီ စုံစမ်း စစ်ဆေးပြီး နိုင်ငံတော် သမ္မတထံ ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား တင်ပြ အစီရင်ခံရမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာအစိုးရလက်ထက် အဓိကရုဏ်းများ ကိုင်တွယ် ဖြေရှင်းတဲ့ ပုံစံဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံးခဲ့တဲ့ ပုံသဏ္ဍာန်တွေနဲ့ တူညီမှု မရှိတော့တာ တွေ့ရပါတယ်။ မြန်မာအာဏာပိုင်တွေဟာ လုပ်ခနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုများ၊ လျှပ်စစ်မီး မရရှိခြင်းနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုများကို အကြမ်းဖက်ခြင်း မရှိဘဲ ဖြေရှင်းနိုင်အောင် ကြိုးစားခဲ့ပါတယ်။ (သို့သော် ပြည်မြို့မှာတော့ ဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။) ရခိုင်ပြည်နယ် အဓိကရုဏ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရသတင်းစာတွင် မျက်နှာပြည့် စုံစုံလင်လင် ဖော်ပြခဲ့သလို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းမှုကိုလည်း အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ရာ နိုင်ငံပိုင်သတင်းစာရဲ့ မွတ်ဆလင်ကုလား လို့ ရေးသား ဖော်ပြခဲ့မှု အားနည်းချက်ကတော့ အကျည်းတန်လှပါတယ်။
ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းများဟာ လူမှုအသိုင်းအ၀ိုင်းများကြားက အမြင် မတူညီမှု ကိုးကွယ်ရာဘာသာ မတူညီမှု၊ အသားအရောင် မတူညီမှုများအပေါ် အခြေခံ ဖြစ်ပေါ်လေ့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအတွင်း လာဘ်စားမှု၊ မညီမမျှ ဆုံးဖြတ်မှုများ ရှိနေတဲ့အခါ၊ အာဏာပိုင် အဖွဲ့နဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအကြား နီးစပ်မှု မရှိတဲ့အခါမျိုးမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားတတ်ပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံ မှားယွင်းရင်လည်း အလွယ်တကူ ဖြေရှင်းရမယ့်ကိစ္စကနေ ကြီးမားတဲ့ မငြိမ်သက်မှုဖြစ်စေတဲ့ မီးစတခု ဖြစ်သွားတတ်ပါတယ်။
မြန်မာနိုင်ငံဟာ နှစ်ကာလအတန်ကြာ တရားဥပဒေ ဆိတ်သုဉ်းခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များအား ချဉ်းကပ်မှုပုံစံသစ်နဲ့ စတင် ကျင့်သုံးနေတဲ့အတွက် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရဘွယ် ရှိနေပါတယ်။ ထို စိန်ခေါ်မှုများစွာထဲမှာ ပြည်သူလူထုရဲ့ အထွေထွေ မကျေနပ်မှု ပေါက်ကွဲလာနိုင်ခြေလည်း ပါဝင်နေတာမို့ မြန်မာအစိုးရကို စမ်းသပ်လိုက်တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းများအား အာဏာပိုင်တွေ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။