Pages

Sunday, June 3, 2012

ကိုမြအေးပြောတဲ့ လယ်သမားအရေး

ရွှေနံ့သာ လယ်သမားများနဲ့ ကိုမြအေး ( ဓာတ်ပုံ- Mya Aye's facebook)
”လယ်သမားဆိုတာ တိုင်းပြည်ရဲ့ကျေးဇူးရှင်တွေဖြစ်တယ် တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေလည်းဖြစ်တယ်..လယ်သမားတွေရဲ့ အရေးဟာ ကျွန်တော်တို့တွေရဲ့ အရေးဖြစ်တယ်..” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောဆိုတာပါ။
မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ရွှေနံ့သာရွာက လယ်ယာမြေ လက်လွတ်ဖြစ်ခဲ့ရတဲ့ လယ်သမားများ အရေးနဲ့ ကိုမြအေးဆက်ပြောထားတာ ကတော့—-





“ဘယ်တုန်းကမှ လယ်မစိုက်ဘူးတဲ့ ကုဋေကြွယ်သူဌေးကြီး တစ်ယောက်ကို သီးစားချပြီး လယ်မြေတွေကို လုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ အမြီးမောက်မတည့်တဲ့ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်။
လယ်မြေတွေ အပေါ်မှာ ဓါးမ ဦးချလုပ်ကိုင်လာတဲ့ မွန်လူမျိုးတွေအများစုဖြစ်တဲ့ လယ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ သောကတွေ ပူဆွေးမှုတွေ မျက်ရည်တွေကို အရောင်းအဝယ်လုပ်ဖို့ အဲ့ဒီ ကုဋေကြွယ် သူဌေးကြီးကို ခွင့်ပြုလိုက်တာဘဲဖြစ်တယ်။
လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရှိရမယ်။ ကိုယ်မြေပေါ်ကို ကိုယ်ဖာသာကို စိုက်ပျိုးပြီး ရုန်းကန် ရှာဖွေ စားသောက်နေရတဲ့ အဲဒီ ရွှေနံ့သာစံပြကျေးရွာက လယ်သမားတွေရဲ့ လယ်လုပ်ပိုင်ခွင့်ကို ပြန်ပေး ပါ။
အေးချမ်းစွာရှာဖွေ နေထိုင်စားသောက်ခွင့်ဟာ လယ်သမားတွေလဲ ရသင့်ပါတယ်။ ဆန်တစ်စေ့ ဘယ်လိုဖြစ် လာတယ်ဆိုတာကို ဘာမှမသိတဲ့ လူတစ်ယောက်က လယ်မြေတွေကို မတရားသိမ်းပိုက်ပြီး လယ်လုပ်ခွင့် ရတယ်ဆိုတာဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ လယ်သမားတွေ ရဲ့အနာဂတ် အတွက် ဘယ်လိုမှ ကောင်းနိုင်မှာမဟုတ်ဘူး။
ပြီးတော့ အဲဒီသူဌေးကြီးဟာ မွန်လူမျိုးဖြစ်တယ်လို့ကြားဖူးပါရဲ့ … ဒါဆိုရင် မွန်လူမျိုးအချင်းချင်း ဘာဖြစ်လို့ မငဲ့ညာ မထောက်ထားနိုင်တာလဲ။ အဲ့ဒီလိုအဖြစ်တွေဟာ အစိုးရနဲ့ လယ်သမားတွေအကြား တိုင်းရင်းသားနဲ့ အစိုးရအကြား အထင်အမြင်လွဲမှားမူတွေ သံသယပွားမူတွေသာလျှင် ဖြစ်ပေါ်စေမှာဖြစ်တယ်။
တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရအနေနဲ့ နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမူကို ဖော်ဆောင်ပေး နိုင်ဖို့ လိုလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ၇၀% ဖြစ်တဲ့ လယ်သမားတွေရဲ့ဘဝ လယ်သမားသားသမီးတွေ ရဲ့ ဘဝ မြင့်တက်လာဖို့ တရားမျှတမူတွေရရှိဖို့ ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားများကတော့ လယ်သမားတွေ ရှေ့က ရပ်တည်နေမှာဘဲ။ ပြီးတော့ ကြိုးစားနေဦးမှာပါဘဲ။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။